အာဏာရှင်များရဲ့ အစွယ်ကိုရိုက်ချိုးခြင်း (၁၃)

တံခါးဖွင့်ဝါဒရဲ့ နောက်ဆက်တွဲပြဿနာများ (Lithuania)

ခွန်ဆိုင်း

Tom/Youth embrace the future

ဆိုဗီယက်ခေတ်က လစ်သူရေးနီးယန်းတို့၏ အာဏာဖီဆန်ရေး ပြယုဂ် ဖြစ်ခဲ့သည့် လက်ဝါးကပ်တိုင်တောင်ကုန်း

၁၉၈၀ ခုနှစ်များရဲ့ နောက်ပိုင်း တွေ နဲ့ ၁၉၉၀ အစောပိုင်းတွေမှာ  ဆိုဗီယက်ယူနီယံဟာ  ရုရှားကို  ဗဟိုပြုထားတဲ့ အားတွေ ဖရိုဖရဲဖြစ်ကုန်ပြီး ပါထားတဲ့ သူ့လောင်းရိပ်အောက်က နိုင်ငံတွေဟာ ကိုယ့်လွတ်လပ်ရေး ကိုယ်ရှာလာကြတယ်။ အဲဒီမှာ လစ်သူရေးးနီးယားဟာ  တပ်ဦးက ကြိုးစားရုန်းထွက်တဲ့ နိုင်ငံဖြစ်လာတယ်။ နိုင်ငံရေးလှုပ်ရှားမှု နဲ့ လူထုသပိတ်တွေကြောင့် လစ်သူရေးနီးယားဟာ လွတ်လပ်ရေး ရခဲ့တယ်။ အရှေ့ဥရောပက သူ့လက်အောက်ခံ နိုင်ငံတွေခွဲထွက်တာကို စိတ်မပါလက်မပါ အရေးယူ တားဆီးခဲ့ရတဲ့ ဆိုဗီယက်ရဲ့ ပါဝါကို ကျော်လွှားနိုင်ခဲ့ကြတယ်။

အဲဒီအချိန်ကစလို့ လစ်သူရေးနီးယားဟာ တခြားတခြား ဆိုဗီယက် လက်အောက်က ရုန်းထွက်တဲ့ နိုင်ငံတွေလိုဘဲ ဆိုဗီယက်ခေတ် က နတ်ဆိုးတွေ နဲ့ ဆက် နပန်းလုံးရတယ်။ KGB တွေနဲ့ သူ့ အစဉ်အလာ ခေါင်းကိုင် ဆရာကြီးတွေ ကြိုးကိုင်တာကို ခံခဲ့ရတဲ့ လစ်သူရေးနီးယားအဖို့ ဒီနေ့ ဒီမိုကရေစီ ခရီးမှာ KGB  တွေရဲ့ ထက်လှတဲ့သြဇာအာဏာရယ်၊ သူ့လူ့အဖွဲ့အစည်းအတွင်း ထိုးဖေါက်နိုင်စွမ်းတွေရယ်ဟာ သူ့ တိုင်းပြည်အတွက် ကျားကုတ် ကျားခဲ ဖြတ်သန်းကြရမယ့်လမ်းလို့ နားလည်ထားကြပါတယ်။

ဆိုဗီယက်တို့ ပထမအကြိမ်သိမ်းပိုက်မှု

၁၉၁၈ ဂျာမန်နဲ့ ရုရှား အင်ပါယာတွေ ပြိုလဲပြီး လစ်သူရေးနီးယားဟာ နိုင်ငံတခု ဘ၀ကို ရခဲ့တယ်။ ၁၉၁၈ ဖေဖေါ်ဝါရီမှာ သူ့နိုင်ငံလွတ်လပ်ရေးကို ကြေညာတယ်။ ဒါပေမယ့် ၂ နှစ်ပဲ ခံတယ်။ မြို့တော်နဲ့ Vilnius ပြည်နယ်တွေဟာ ဒုတိယကမ္ဘာစစ် ဖြစ်တဲ့အထိ ပိုလန်လက်အောက်မှာ နေသွားခဲ့ရပြီး ဒုတိယ ကမာစစ် ,တော့လည်း စတာလင် နဲ့ ဟစ်တလာတို့ ၁၉၃၁ သြဂုတ် မှာချပ်တဲ့ Molotov-Ribbentov စာချုပ်အရ လစ်သူရေးနီးယား၊ လပ်ဗီးယား၊ အက်စတိုးနီးယား တို့ဟာ ဆိုဗီယက်တို့ အတင်းအကြပ် သိမ်းပိုက်မှု အောက်မှာ ဆက်နေလာခဲ့ရပြန်တယ်။

           ၁၉၃၉ အောက်တိုဘာမှာ ဆိုဗီယက်တပ်တွေ လစ်သူရေးနီးယား မြေကို စခြေချတယ်။ အဲဒီမေလထဲမှာ ဆိုဗီယက်က သူ့စစ်သား၂ ယောက် ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး လစ်သူအစိုးရကို သတိပေးစာတစောင်ပို့ပြီး ပါဝင်ပတ်သက်နေတယ်လို့လည်း စွပ်စွဲလိုက်တယ်။  အလားတူ ခြိမ်းခြောက်မှုတွေနဲ့အတူ ဆိုဗီယက်  နိုင်ငံခြားရေးရာ လက်ထောက် ကော်မရှင်နာ ဦးဆောင်တဲ့ အစိုးရတရပ် ဖွဲ့ဖို့ ဖိအားပေးလာတယ်။လူထုလွှတ်တော်တရပ်ကိုလည်း ဟန်ပြ ရွေးကောက်ပွဲ လုပ်ပြီး တင်မြှောက် ဖွဲ့စည်းစေခဲ့တယ်။

         ဒီအစိုးရကပဲ လစ်သူရေးနီးယားကို အားကြိုးမာန်တက် ဆိုဗီယက်ဇာတ်သွင်းတယ်။ ဥပဒေသစ်တွေ အမျိုးမျိုးပြန်းလာတာကြောင့် အမျိုးသားလွတ်လပ်ခွင့် ဘောင်တွေ တဖြည်းဖြည်း ကျဉ်းလာရတယ်။ စီးပွါးရေးတွေထိုးကျလာပြီး ငွေကြေးတန်ဖိုးတွေထိုးကျကုန်တယ်၊၊ နောက်ဆုံးမူရင်းတန်ဖိုးရဲ့ အစွန်းထွက်လောက်ပဲ ငွေတန်ဖိုးကကျန်တော့တယ်။ စီးပွါးရေးလုပ်ငန်းတွေအားလုံး အဆောက်အအုံတွေအားလုံး ပြည်သူပိုင်သိမ်းလိုက်တယ်။ လုပ်ငန်းရှင်တွေအားလုံး မောင်းထုတ်ပစ်တယ်။ စီးပွါးရေးတွေမှာ ကွန်မြူနစ် ဗျူရိုကရေစီ ယန္တရား ၀င်လာတယ်။ လစ်သူရေးနီးယားစစ်တပ်ကိုလည်း ပြည်သူ့တပ်မတော်လို့ နာမည်ပြောင်းပြီး ဆိုဗီယက်တပ်ရင်း ၂၉ လို့ သတ်မှတ်တယ်၊ ၁၉၄၀ မှာတော့ ဆိုဗီယက် ဥပဒေအားလုံးက လစ်သူရေးနီးယားဥပဒေအားလုံးကို လွှမ်းမိုးသွားတော့တယ်။

ဆိုဗီယက်အာဏာပိုင်တွေက လစ်သူရေးနီးယားရဲ့ လူမှုအဆောက်အအုံတွေကို အထူးဂရုစိုက်ပြောင်းလဲပစ်ခဲ့ကြတယ်။ ဆိုဗီယက်လက်အောက် မရောက်ခင်က နိုင်ငံက စိုက်ပျိုးရေးအခြေခံတဲ့နိုင်ငံ။ ဆိုဗီယက်လက်ထက်မှာတော့ လယ် ၇၅ ဧကထက် ပိုင်ရင် ချမ်းသာတဲ့ လယ်သမားလို့ သတ်မှတ်တယ်။ အားလုံးဘုံလယ်ယာ မြေတွေလုပ်လိုက်တော့ ပြည်တွင်းအခြေအနေတွေအားလုံး ပျက်စီးထိခိုက်ကုန်တယ်။  မြေပိုင်ရှင် ၂၈၀၀၀- စိုက်ပျိုးရေးလုပ်ငန်းရဲ့ ၁၀ ရာခိုင်နှုန်း ဒီလိုအရေးယူဆောင်ရွက်ခဲ့လို့ ပျက်စီးသွားရတယ်။ အလိုလို မြေငှားဘ၀ရောက်ကုန်ပြီး သူ့မြေသူ ရောင်းပိုင်ခွင့်ပေါင်နှံလွှဲပြောင်းခွင့် ဘာမှ မရှိတော့ဘူး။ ရုတ်တရက်ဆိုရင်တော့ ဆိုဗီယက်တွေရဲ့ ဒီအစီအစဉ်က ကျေးလက်တွေမှာ တရားမျှတမှုကို ဦးတည်သလိုပဲ။ ဒါပေမယ့် ဒါက လစ်သူရေးနီးယား ကျေးလက်လူနေမှုဘ၀ကို အစိတ်စိတ် ကွဲပြားစေကုန်ပြီး ဆိုဗီယက်ကို ညီညီညွတ်ညွတ် ခုခံမယ့် အင်အားတွေကို ဖြိုခွင်းပြီးသားဖြစ်သွားစေတယ်။

အစုလိုက်အပြုံလိုက် လူဖမ်းပွဲတွေ ၊အစုလိုက်ရွေ့ပြောင်းပစ်တာတွေက ခြောက်ခြားသွေးပျက်ဖွယ် လူထုနေ့စဉ်ဘ၀တွေထဲ ရောက်လာတယ်။ လျှို့ဝှက်ပုလိပ်အဖွဲ့  ( NKVD) နဲ့ မြို့စောင့်တပ်တွေ ၁၉၃၉ ဆောင်းမှာ ရောက်လာကြပြီး ပထမတော့ အားဖြည့်ရုံပဲ။ ၁၉၄၀ ကျတော့ နောက်ထပ် တပ်တွေ ထပ်ရောက်လာပြီး အကြီးအကျယ် အကြမ်းဖက်မှုတွေ လုပ်တော့တာဘဲ။

၁၉၄၀ ခုနှစ် ဇူလိုင်လ ၁၁ ရက်ည မှာ လူဖမ်းပွဲ ထိမ်းသိမ်းပွဲအကြီးအကျယ်စ တယ်။ အဲဒီတညထဲ လူ ၂၀၀၀ ဟာ ထောင် ၈ နှစ်စီ အပြစ်ပေးခံရပြီး တခြားရွှေ့ပစ်တာ ခံရတယ်။ အဲဒီနှစ်ကုန်မှာတော့ တလ လူ ၂၀၀ နဲ့ ၃၀၀ ကြား ပုံမှန်ဖမ်းတဲ့ နှုန်းကို ရောက်လာတယ်။ လူနေမှုဘ၀တွေ၊ လူမျိုးစုဘ၀တွေ ၊ နိုင်ငံရေးဘ၀တွေ အားလုံးကို   နှိပ်ကွပ်တော့တာပဲ။

လစ်သူရေးနီးယားဆိုတာ ဆိုဗီယက်အရာရှိတွေလောကမှာ ပ,စားအပေးမခံရတဲ့ အရာရှိတွေကို ပို့ပစ်တဲ့ နေရာတခု ဖြစ်လာပါရော။ လွတ်လပ်စဉ်ကာက ထင်ရှား ခဲ့နေရာရခဲ့တဲ့လစ်သူရေးနီးယားနိုင်ငံရေးခေါင်းဆောင်အားလုံးလည်း ထိမ်းသိမ်းတာ စ ခံလိုက် ကြရတယ်။

၁၉၄၁ ဇွန် ၁၃ မှာ ဒီလို ရှင်းလင်းသုတ်သင်ရေး တွေ မီးကုန်ယမ်းကုန် ဖြစ်လာတယ်။ အစုလိုက်အပြုံလိုက် ဆိုက်ဗေးရီးယား ပို့ခဲ့တဲ့ ဦးရေဟာ လူ ၃ သောင်း ကျော်သွားတယ်။ ကြိုတင်သေချာပြုစုထားတဲ့ စာရင်းတွေနဲ့ တိုင်ဆိုင်ပြီး လက်ရှိ အုပ်ချုပ်ရေးကို အန္တရာယ်ပေးနိုင် မယ့် လူတိုင်းကို  NKVD တွေက ဖမ်းဆီးတယ်။ အဖျက်အမှောက် လုပ်ငန်းတွေမှာ ခေါင်းဆောင်နိုင်မယ့် လူအားလုံးကို ဖမ်းဆီးဖယ်ရှား အဝေးပို့ပစ်တယ်။ ဒီအစုလိုက် အပြုံလိုက်ပို့တာတွေက ဆန့်ကျင်လိုစိတ် မရှိသေးတဲ့ လူတိုင်းရဲ့ နှလုံးအိမ်တွေကို ခြောက်ခြား တုန်လှုပ်စေ တယ်။ ဆိုဗီယက်တို့က သူတို့ကို ဆန့်ကျင်လာရင် အဖျက်အမှောက်လုပ်ရပ်တွေလို့ ကင်ပွန်းတပ်လေ့ရှိတယ်။ ဒါကိုအရေးယူတဲ့နေရာမှာ ဆန့်ကျင်ဦးဆောင်တဲ့ သူတွေကိုသာမက သူ့မိသားစုတွေကိုပါ ထိခိုက်အောင် ပစ်မှတ်ထားရည်ရွယ်ခဲ့တာတွေွ့ရမယ်။

Getty Images

လစ်သူယေးနီးယားမြို့တော် Vilnius  မှ အေသင်ခေတ်လက်ရာ သမိုင်းဝင်ဘုရားကျောင်း

တကယ်က လစ်သူရေးနီးယား ကွန်မြူနစ်ပါတီဟာ တိုင်းပြည်ပေါ်မှာ သြဇာ မရှိတာ၊ ဆိုဗီယက်စစ်တပ်ကို အားကိုးနေရတာ သေချာ သဘောပေါက်ထားပြီးသား။ ဒါကြောင့် အရေးယူရမယ့် ပစ်မှတ်စာရင်းတွေကို သေချာအသေးစိတ်စီမံပြီး ရေးဆွဲခဲ့ကြတယ်။ ၁၉၄၁ မေလနှောင်းပိုင်းမှာ တန်ပြန်တော်လှန်ရေး သမားတွေ၊ အန္တရာယ်ပေးနိုင်မယ့်လူစာရင်းတွေကိုသေချာပြုစုပြီး အစုလိုက်အပြုံလိုက်ဖမ်း၊ တခြားပို့ပစ်ဖို့ ထိပ်တန်းလျှို့ဝှက်ညွှန်ကြားချက်တွေနဲ့ NKVD၊ NKGB တို့ကို ညွှန်ကြားခဲ့တယ်။ ဒီလိုလုပ်ရင်းဘယ်အုပ်စုတွေကတော့ အတိုက်အခံဆက် မလုပ်ရဲတော့ဘူး၊ ဘယ်သူတွေတော့ ကြားမှာနေသွားပြီဆိုတာ သိနိုင်လာတယ်၊ အကြီးအကျယ်တခြားပို့မပစ်ခင် ရက်ပိုင်းလေး အလိုမှာမှ NKGB က ပို့မယ်လူစာရင်း ထုတ်ပြန်တယ်။ တန်ပြန်တော်လှန်ရေးမှာ ပတ်သက်ခဲ့တဲ့လူအားလုံး၊ ဆိုဗီယက် အမျိုးသားပါတီကို ဆန့်ကျင်ခဲ့တဲ့သူတွေအားလုံးနဲ့ အရင် လစ်သူရေးနီးယား ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လူဟောင်းတွေအားလုံး၊ သူတို့ မိသားစုတွေအပြင် ရာဇ၀တ်မှုကျူးလွန်ထားသူတွေ၊ လိင်လုပ်ငန်းလုပ်သူတွေ ၊ ဂျာမနီက ပြန်လာသူတွေ အကုန်စာရင်းထည့်တယ်။ ၁၉၄၁ မေလ ၁၉ရက်နေ့မှာ  ဘော်လတစ် ၃ နိုင်ငံလုံးနဲ့ အကြုံးဝင်တဲ့ အစုလိုက်ရွှေ့ပြောင်းရာမှာ လုပ်ရမယ့် လုပ်ငန်းလမ်းညွှန်ကို NKVD  က ထုတ်ပြန်တယ်။ ဖမ်းဆီးရေး တပ်ဖွဲ့တွေ ဘယ်လိုပြင်ရမယ်၊ ဖမ်းရာမှာသုံးရမယ့်နည်း၊ ပစ်မှတ်ထား ဖမ်းရမယ့် လူတွေကို ချဉ်းကပ်ဖမ်းဆီးနည်း၊ ဘယ်လူတွေကိုဖမ်းမလဲ၊ ဘယ်စုရပ်ကထွက်ပြီး ဘယ်လိုပို့မယ်၊ ပို့ခံရမယ့်လူတွေကို ရထားပေါ် ဘယ်လိုတင်မလဲ ဆိုတာကအစ အသေးစိတ် ညွှန်ကြားချက်တွေ ပေးတော့တာဘဲ။

နာဇီတွေရဲ့  သိမ်းပိုက်မှုအောက်မှာ တခါ

 ၁၉၄၁ ဇွန်လ ၂၂ရက်မှာ ဂျာမနီက  ဘာဘရိုစာ စစ်ဆင်ရေးဆိုတာ နဲ့ ရုရှားမဟာမိတ်ဖြစ်တယ်လို့ သူထင်တဲ့ နိုင်ငံတွေကို ရုတ်တရက် ထိုးစစ်ဆင်  သိမ်းပိုက်လာတယ်။ ဆိုဗီယက်တပ်တွေကို သူတို့က လစ်သူနယ်ထဲက မောင်းထုတ်ပြီးတာနဲ့ ဆိုဗီယက်ဆန့်ကျင်ရေး ကြားဖြတ်အစိုးရတခု တင်ပေးတယ်။ ချိနဲ့နဲ့ လစ်သူရေးနီးယား ကောင်စီဆိုတာနဲ့ အုပ်ချုပ်ခိုင်းတယ်။ လစ်သူလူမျိုး ဗိုလ်ချုပ် ပီထရော့စ် ကူဘီလီနပ်စ်ကို ဦးဆောင်စေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တချို့ နယ်တွေကိုပေးတယ်။

          နာဇီတွေ သိမ်းထားတဲ့  ၃ နှစ်တာ ကာလမှာတော့ လူထုကပူးပေါင်းခဲ့တာမျိုး မရှိသလောက်ပါဘဲ။ တခြားဘော်လတစ် ၂ နိုင်ငံ နဲ့ မတူတာက လစ်သူရေးနီးယားမှာ နာဇီ SS  တပ်စွယ် ဖွဲ့ထားတာမျိုး၊ လစ်သူစစ်တပ်ဖွဲ့ပြီး ဂျာမန်တပ်တွေနဲ့ ပေါင်းတာမျိုး လုံးဝ မရှိခဲ့တာဘဲ။ ဒါပေမယ့်လည်း ဒီ၃ နှစ်အတွင်း လစ်သူရေးနီးယားလူမျိုးသောင်းနဲ့ချီပြီး ဂျာမနီမှာ အလုပ်လုပ်ဖို့ ၊ စုဆောင်းခဲ့တာ ဖမ်းဆီးခဲ့တာ တွေတော့ သိမ်းပိုက်သူတွေ အောင်အောင်မြင်မြင်လုပ်သွားကြတယ်။ လစ်သူလူမျိုးတွေ အကူအညီနဲ့ နာဇီတပ်ဖွဲ့တွေက ဂျူး လူမျိုး ၁ သိန်း ၈ သောင်း ၅ ထောင် ( လစ်သူနိုင်ငံထဲက ဂျူးလူမျိုး ရဲ့ ၈၅ ရာခိုင်နှုန်းအထိ)ကို သတ်ဖြတ်ခဲ့ကြတယ်။

စာရေးသူ (Tomas Skucas)

၂၉/၁/၀၈

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org