|
|
|
|
အသုံးမကျတဲ့ကောင်
လျန်မှုန်း
ဂျပန်တော်လှန်ရေးတုန်းကအကြောင်း ရုပ်ပြဇာတ်လမ်းတွေ ရုပ်ရှင်တွေထဲမှာ ခဏခဏ ကြည့်ဖူးတယ်ဗျာ။ မိဘတွေက သားက ဘီအိုင်အေ ရဲဘော်ဆို အရမ်း ဂုဏ်ယူကြတာတို့။ ဒီသားမှ ဒီသား ဖြစ်ကုန်တာတို့။ ကျနော့်အဖြစ်ကတော့ ဂျပန်ခေတ်ကနဲ့ မတူပါပြီလို့ ပြောလိုက်ချင်တယ်။ အဲဒီတော်လှန်ရေး ရဲဘော်တွေထဲက သက်ရှိထင်ရှား ရှိသေးတဲ့ လူတွေကို တွေ့အောင် လိုက်ရှာပြီး မေးလိုက်ချင်တယ်ဗျာ။ အဲဒါတွေက ဇာတ်လမ်းထဲမှာပဲ ရှိတဲ့ စိတ်ကူးယဉ် အဖြစ်အပျက်တွေလား။ တော်လှန်ရေးရဲဘော်မို့ မျက်နှာငယ်ရတာတွေ၊ မိဘက အသုံးမကျတဲ့ သားသမီးလို့ အပြစ်တင်တာတွေ ကျနော့်လိုပဲ မကြုံဖူးကြဘူးလားလို့။ နောက်လူတွေ စိတ်ညစ်ကုန်မှာစိုးလို့ ဒီအကြောင်းတွေကို အကုန်မပြောဘဲ ဖုံးထားခဲ့ကြတာလားဗျာ။ x x x သားသမီးထဲမှာ မင်းတယောက်က ငါ့ကို စိတ်ညစ်အောင် အလုပ်ဆုံးတဲ့။ မင်းညီတွေ ညီမတွေကို အားကျပြီး မင်း ကြိုးစားစမ်းပါ တဲ့။ ဟုတ်တယ် အဖေ။ ကျနော်ဟာ အဖေ့အလိုကို ဖြည့်မပေးနိုင်ခဲ့တဲ့ သားမိုက်တယောက်ပဲ။ ဘွဲ့ရအောင် ကျောင်းဆက်မတက်ဘဲ တောခိုလာကတည်းက ကျနော် အဖေ့အတွက် သားမိုက် ဖြစ်လာခဲ့တာပါ။ ဘီအိုင်အေ ရဲဘော်တွေတုန်းကလို တိုင်းပြည်က လိမ္မာတဲ့ သားလို့ အသိအမှတ် ပြုမှာလား။ ကျနော့်အဖေကတော့ အားကိုးမရတဲ့ကောင်တဲ့လေ။ တောထဲမှာရော နယ်စပ်မှာရော ကျနော် ဒုံးပေကပ်သပ် နေတုန်း အဖေ့ဆီက တတိယနိုင်ငံ မြန်မြန်ထွက်ဖို့ တိုက်တွန်းစကားတွေ ခဏခဏ ရောက်လာတယ်။ အဖေ့ဆီ ဖုန်းဆက်တိုင်းလဲ သားအဖနှစ်ယောက်ကြားမှာ ရိုးမတောင်ထက် ပိုမြင့်တဲ့ တံတိုင်းကြီးတခု ခြားနေသလိုပဲ။ ကျနော် ပြောပြချင်တာတွေက မက်ထရိုကွင်းဆိုတဲ့ ငှက်ဖျားဆေးက အတုတွေ များလွန်းလို့ ကျနော်တို့ ဆေးမတိုးတော့တဲ့အကြောင်း။ မျှစ်ပဲ စားရလွန်းလို့ အိမ်ပြန်ရောက်ရင် မျှစ်ဆို လှည့်မကြည့်တော့မယ့်အကြောင်း။ ကျနော့်သူငယ်ချင်း မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရတာ သူ့မိဘတွေကို အသိမပေးဘဲ ဖုံးထားတဲ့အကြောင်း။ မာနယ်ပလော ကျတဲ့ညက ကျနော် ချုံးပွဲချ ငိုမိတဲ့အကြောင်း။ အဖေ ပြောတာက အမေရိကန် မြန်မြန်သွားဖို့။ စာဆက်သင်ဖို့။ စကော်လာတယောက်ဖြစ်အောင် ကြိုးစားဖို့။ မောင်နှမတွေကို ပုခုံးပြောင်း တာဝန်ယူဖို့။ အဖေ ကျနော့်ကို ခွင့်လွှတ်ပါ။ မိဘက အသုံးမကျတဲ့ကောင်လို့ ထပ်ထပ်ပြောတာကို တခြားသားသမီးတွေ ဘယ်နှစ်ခါအထိ ခံနိုင်မလဲ ကျနော် မသိဘူးဗျာ။ ကျနော် ကြားခဲ့ရတာ အခါပေါင်း မရေနိုင်တော့တဲ့အဆုံး ကျနော် တတိယနိုင်ငံ ရောက်လာတယ်။ မသိတတ်တဲ့ကောင်လို့ မြန်မာပြည်က စွပ်စွဲမယ်ဆို မိဘနဲ့တိုင်းပြည် နှစ်ဖက်ကြားမှာ ကျနော် ခေါင်းငုံ့ခံပါ့မယ်။ ကိုယ့်မိဘက အသုံးမကျဘူး ထပ်တလဲလဲ ပြောလာတာကို သားတယောက်အနေနဲ့ ကျနော် ထပ်မခံနိုင်တော့ဘူး။ မြန်မာပြည်ရယ် ကျနော့်ကို ခွင့်လွှတ်ပါ။ အဖေ ကျနော့်ကို ခွင့်မလွှတ်ပါနဲ့တော့။ နိုင်ငံခြားရောက်တော့ အဖေ့ဆန္ဒတွေ တစိတ်တပိုင်း ပြည့်ခဲ့ပါတယ်။ ကျနော့်ဆီက ငွေတွေ ရောက်လာတယ်။ မောင်နှမတွေ ပျော်ကြတယ်။ ညီက စင်ကာပူမှာ ကျောင်းသွားတက်တယ်။ အဖေ ဂုဏ်ယူတယ်။ ဂုဏ်ယူပါအဖေ။ “ဒါမှ ငါ့သားကွ”လို့ ညီအတွက် အဖေ ဂုဏ်ယူတာ ကျနော် ၀မ်းသာပါတယ်။ ဒါတွေ ဖြည့်ဆည်းပေးဖို့ တတိယနိုင်ငံမှာ အလုပ်ကြမ်း လုပ်နေရတဲ့ ကျနော့်မှာတော့ အဖေ ဂုဏ်ယူစရာ ဘာမှ မရှိတာ ခွင့်လွှတ်ပါအဖေ။ “မင်းလဲ ကျောင်းဆက်တက်လေ”တဲ့။ ဟုတ်ကဲ့အဖေ။ ကျနော် ကျောင်းတက်နေရင် အိမ်ကို ဘယ်လို ပိုက်ဆံပို့မလဲ။ အဖေဂုဏ်ယူတဲ့ ကျနော့်ညီအတွက် ဘယ်သူ ဆက်တာဝန်ယူမှာလဲ။ “အသုံးမကျတဲ့ကောင်”လို့ ခဏခဏ ထပ်မပြောတော့ပေမယ့် ချီးမွမ်းစကား ဘာမှ မကြားရသေးတာကိုက အဖေ ကျနော့်ကို အားမရသေးတာ ကျနော် သိပါတယ်။ မောင်နှမတွေ တယောက်ပြီးတယောက် အိမ်ထောင်ကျတယ်။ ကျနော်ကလွဲရင်ပေါ့။ တယောက် မင်္ဂလာဆောင်တိုင်း ပိုက်ဆံ ဘယ်လောက်ကုန်မယ်၊ ပို့လိုက်ပါဆိုတာ အသုံးမကျတဲ့ကောင်ဆီ အမြဲ အကြောင်းကြားတယ်။ အသုံးမကျတဲ့ကောင်ကလဲ အမြဲ ပို့ပါတယ်။ တခါတလေ ချေးငှားပြီးတောင် ပို့ရသေးတယ်။ ကျနော် အဲဒီလောက် အသုံးမကျတာ။ “အငယ်ကောင်သာ သူ့နေရာမှာဆို သူ့ထက်သာတယ်ကွာ”တဲ့။ ဟုတ်တယ်အဖေ။ အသုံးမကျတဲ့ကောင်က မိုးခါးရေဆိုလဲ မသောက်ချင်။ ဟိုဟာလုပ်ပါဆိုလဲ သိက္ခာကျမှာစိုး။ ဒီဟာလုပ်ပါဆိုလဲ တိုင်းပြည်အပေါ် အခွင့်အရေးယူရာရောက်မှာစိုးနဲ့။ ကျနော် တကယ် အသုံးမကျတဲ့ကောင်ပါ။ ကျန်းမာရေး ဂရုစိုက်တဲ့။ ဟုတ်ကဲ့အဖေ။ တောထဲမှာလိုပဲ။ နေထိုင်မကောင်းရင် ဘာရောဂါဖြစ်ဖြစ် ရှိတဲ့ဆေး စွပ်သောက်တဲ့နည်းနဲ့ ဂရုစိုက်ပါတယ်။ ဆေးခန်းသွားဖို့ကတော့ ကျန်တဲ့ အသုံးကျတဲ့ သားသမီးတွေအတွက် အဖေ ဂုဏ်ယူနိုင်ဖို့ ပိုက်ဆံပို့နေရသေးတယ် အဖေ။ အဖေ့ အသုံးမကျတဲ့ကောင်အတွက် ဒီလောက် အရေးမကြီးပါဘူး။ သူများတွေ အဲဒီမှာ အိမ်ပိုင်ယာပိုင် ဖြစ်ကုန်ပြီ။ မင်း ခုထိ အခြေမကျသေးဘူးလားတဲ့။ အဖေ.... အဲဒီပိုက်ဆံတွေက အဖေတို့ကို ပို့နေတယ်လေ အဖေ.... မင်းလဲ မငယ်တော့ဘူး။ လူတလုံးသူတလုံး ဖြစ်အောင် လုပ်ဦးတဲ့။ ကျနော် အဖေ့အတွက် ဘယ်တော့မှ လူစာရင်း ၀င်တော့မှာ မဟုတ်မှန်း သိလိုက်ပါပြီ အဖေ။ ပြည်တွင်းမှာ ထောင်နှုတ်ခမ်းနင်းပြီး စွန့်စားခဲ့တဲ့ ဗကသ ကျောင်းသားတယောက်၊ တောထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ တိုက်ပွဲတွေ ရင်ဆိုင် လာခဲ့တဲ့ ရဲဘော်တယောက်ဆိုပြီး မိဘအရွယ်တွေဆီက အားရတဲ့ အကြည့်တွေ ကျနော် ရခဲ့ဖူးပါတယ်။ မာန်မတက်ပေမယ့် “ငါ့သားသမီးပဲ ဖြစ်လိုက်ပါတော့”ဆိုတဲ့ အကြည့်တွေအောက်မှာ အဝေးရောက်သား ကျနော် ကြည်နူးခဲ့ဖူးပါတယ်။ ဒါပေမယ့်
အဖေ့အတွက်တော့ ကျနော် အမြဲ “အသုံးမကျတဲ့ကောင်”ပါ။
၁၇/၁/၀၇ |
|
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
|
|
Suggestions & Comments: webmaster@hittaing.org |
|