အာဏာရှင်များကို အစွယ်ရိုက်ချိုးခြင်း (၁၂)

အက်စတိုးနီးယား ကွန်မြူနစ်ခေတ်လွန် ပြန်လည်ထူထောင်ရေး

 

 




အက်စတိုးနီးယားနိုင်ငံမှာ ကွန်မြူနစ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေ၊ ဆန္ဒပြပွဲတွေ ဖြစ်နေတာ သတင်းမီဒီယာတွေကနေ ကြားမိ၊ မြင်မိကြမှာပါ။ အခြေခံ အကြောင်းတော့ နှစ် ၅၀ ကြာ ဆိုဗီယက် စိုးမိုးခဲ့စဉ် ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်နယ်ချဲ့ကိုခုခံကြရင်း ကျဆုံးခဲ့ရတဲ့ စစ်သူရဲကောင်းတွေကို ဂုဏ်ပြုထားတဲ့ ကြေးရုပ်တွေကို ဒီနေ့ အက်စတိုးနီးယား အစိုးရက ဖယ်ပစ်တာနဲ့ ပတ်သက်ပါ တယ်။

ဒါတွေကို ဘယ်သူတွေက မကျေမနပ် ဆန္ဒပြကြသလဲ...

ဒါတွေရဲ့ သမိုင်းကြောင်း နောက်ခံက ဘာလဲ...

ကျနော်တို့ မြန်မာနိုင်ငံမှာလဲ ရှည်ကြာတဲ့ စစ်အာဏာရှင်တရပ် မွေးထုတ်တဲ့ အခြေခံ လူထုအဆောက်အအုံ အပြောင်းအလဲတွေဟာ မြန်မ့ာ နိုင်ငံရေးကို ဘယ်လို ရိုက်ခတ်လာနိုင်သလဲဆိုတာ ဒီအက်စ်တိုးနီးယား ပြဿနာလေးကိုကြည့်ရင်း နှိုင်းဆနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(ဘာသာပြန်ဆိုသူ၏ မှတ်ချက်)

လီယိုနစ် ဘရက်ဇညက်၊ ယူရီအင်ဒရိုပေါ့နဲ့ ကွန်စတန်တင်ချနကို တို့ရဲ့ နှစ်ပေါင်းများစွာ ယိုယွင်းဆုတ်ယုတ်နေတဲ့ အုပ်ချုပ်ရေး အဆက်ဆက်ကိုဆက်ခံခဲ့ရတဲ့ မစ်ခေးလ် ဂေါ်ဘာချော့ဗ်ဟာ ၁၉၈၅ မှာ ဂလပ်စ်နော့ဗ်နဲ့ ပယ်ရှစထရိုက်ကာ အယူအဆတွေကို ဆိုဗီယက်လူထုကြားမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါဟာ ဆိုဗီယက် ပြိုလဲမှုကို သန္ဓေတည်စေခဲ့သလို အက်စတိုးနီးယားကို သိမ်းပိုက် အုပ်ချုပ်လာခဲ့ခြင်းရဲ့ နိဂုံးချုပ်သဖွယ်လဲ ဖြစ်စေခဲ့ပါတယ်။

ကွန်မြူနစ်ဝါဒနဲ့ အကြွင်းမဲ့ အာဏာရှင်စနစ် ထွန်းကားတဲ့ တခြားတခြားတိုင်းပြည်တွေက ကိုယ့်အမျိုးသားတွေကို အခြေခံတဲ့ အစိုးရတွေ အာဏာရတာ များတယ်။ ဒုတိယကမ္ဘာစစ်အပြီး အက်စတိုးနီးယားကို သိမ်းပိုက်တဲ့ တပ်တွေက အမျိုးသားတပ်တွေ မဟုတ်ဘဲ အင်အားကြီးနိုင်ငံတွေရဲ့ လက်မှတ်ထိုး သဘောတူညီချက် နဲ့ တက်လာတဲ့ အစိုးရတရပ်လဲ ဖြစ်တယ်။

၁၉၄၀ ခုနှစ်မှာတော့ ဆိုဗီယက်ယူနီယံက အက်စတိုးနီးယားကို သိမ်းပိုက်ပြီးတာနဲ့ အက်စတိုးနီးယားရဲ့ ဥပဒေတွေ၊ လုံခြုံရေး ယန္တရားတွေ အကုန်လုံးကို ဖျက်သိမ်းလိုက်ပါတယ်။ တချိန်တည်းမှာ NKVD ခေါ်တဲ့ လျှို့ဝှက်ပုလိပ်အဖွဲ့ကို ထူထောင်လိုက်ပါတယ်။


အုပ်စိုးသူများရဲ့ သရုပ်သကန်
ဆိုဗီယက်က အာဏာကို ထိန်းချုပ်ထားရုံမက ဗဟိုဦးစီး ချုပ်ကိုင်တဲ့ တပါတီအာဏာရှင်စနစ်ကို ချမှတ်ပေးတယ်။ လူထုအာဏာ ဆိုတာက နာမည်ခံပါ။ ပါတီကော်မတီ ဒါမှမဟုတ် ဆိုဗီယက် ပေါ်လစီ ချမှတ်သူတွေကို နာခံကြရတာသာ ဖြစ်တယ်။ အလုပ် အမှုဆောင်ကော်မတီ ဆိုတာကလဲ အလုပ်သမား ကောင်စီ ဆိုတဲ့ အုပ်ချုပ်သူ ကောင်စီ တမျိုးပါပဲ။ ဆိုဗီယက် ပြည်ထောင်စု တခုလုံး မှာ တကယ့်အဖြစ်မှန်က ကိုယ့်ဒေသဆိုင်ရာ ကိစ္စတွေကိုနည်းနည်းကျဉ်းကျဉ်းလောက်သာ အာရုံစိုက်နိုင်ကြပြီး ကွန်မြူနစ် ပါတီ ဗဟိုကော်မတီက ညွှန်ကြားချက်တွေကိုသာ အကောင်အထည်ဖော်ပေးကြရတယ်။

တရားသူကြီးတွေက အပေါ်ယံတော့ လွတ်လပ်သယောင်ပဲ။ သူတို့ကိုယ်တိုင်က ပါတီကော်မတီဝင်တွေ ဖြစ်ပြီး ဆိုင်ရာ ပါတီ ကော်မတီတွေရဲ့ အမိန့်တွေကို နာခံကြရတယ်။ အကျဉ်းဦးစီးစနစ်က လက်နက်ကိုင်တပိုင်း သဘာဝ ရှိပြီး ဆိုဗီယက် ပြည်ထဲရေးဝန်ကြီး လက်အောက်မှာ ဖြစ်တယ်။

ဥပဒေပြုရေး အာဏာက ဆိုဗီယက် ဗဟိုရဲ့ လက်ထဲမှာ၊ နောက် သက်ဆိုင်ရာ မဲဆန္ဒအလိုက် ကောင်စီတွေရဲ့ လက်ထဲမှာ ရှိတယ်။ ဆိုဗီယက် ဥပဒေတွေ အားလုံးက ဆိုဗီယက် ယူနီယံမှာ ပါတဲ့ ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ ဥပဒေတွေ အာလုံးကို ကျော်လွန်သက်ရောက် အတည်ဖြစ်တယ်။

ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါတဲ့နိုင်ငံအသီးသီးက ဆိုဗီယက် ဥပဒေကိုဆန့်ကျင်ပြီး ဘာတခုမှ ဥပဒေ ပြုပိုင်ခွင့် မရှိဘူး။ သက်ဆိုင် ရာ ပါတီကော်မတီက ပြင်ဆင်ညှိနှိုင်းပြီးသား သဘောတူပြီးသား ဥပဒေတွေကိုသာ တညီတညွတ်တည်း အတည်ပြု ကျင့်သုံးကြရတာ ဖြစ်တယ်။

အက်စတိုးနီးယားတွေရဲ့ ငွေကြေးစနစ်တွေ၊ စီးပွားရေး ဘ၀တွေ အားလုံးကို ထိန်းချုပ်ထားတာ ဖြစ်တယ်။ ကုန်သွယ်မှု လုပ်ငန်းတွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း အားလုံးတွေဟာ နိုင်င့တော် ထိန်းချုပ်ရေး ကော်မတီရယ်၊ ၀န်ကြီးအဖွဲ့ရယ်၊ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စာရင်းစစ် အေဂျင်စီတွေရဲ့ လက်အောက်မှာ ရှိနေကြရတယ်။ ရှေ့နေချုပ်ရုံးက အကြံပေးနိုင်တဲ့ အာဏာရှိတယ်။ အရေးပါတဲ့ ဌာနဆိုင်ရာတွေ အားလုံးရဲ့ အကြီးအကဲတွေကို ပါတီကော်မတီက ခန့်အပ်တယ်။ ပါတီကော်မတီရဲ့ အမိန့်တွေကိုပဲ လိုက်နာကြရ တယ်။
 

Photoရိုက်တာ

စစ်အောင်နိုင်ခြင်းနှစ်လည် ၂၀၀၇ မေ ၉ ရက်က တော်လင်းစစ်သချို င်္င်းရှိ ဒုတိယကမ္ဘာစစ် တပ်နီတော်သူရဲကောင်း ကြေးရုပ်ရှေ့တွင် ပန်းခွေချနေသော အက်စတိုးနီးယားဆိုင်ရာ ရုရှားသံအမတ်

(ကြေးရုပ်ကို တော်လင်းမြို့လယ်မှနေ၍ စစ်သချို င်္င်းသို့ ရွှေ့ လိုက်သဖြင့် ရုရှားနွယ်ဖွား လူငယ်များ အုံကြွသောင်းကျန်းခဲ့သည်။)

ဆိုဗီယက် အုပ်ချုပ်မှုနဲ့အတူ လျှို့ဝှက်ပုလိပ်အဖွဲ့ လိုက်ပါလာပြီး အက်စတိုးနီးယား လူ့အဖွဲ့အစည်း တခုလုံးကို ထိုးဖောက် လှိုက်စား ထားတယ်၊ အက်စတိုးနီးယန်း ဆိုဗီယက် ဆိုရှယ်လစ် ၀န်ကြီးကောင်စီထဲမှာ ပါတဲ့ ကေဂျီဘီတွေက လုံခြုံရေး အဆောက်အအုံရဲ့ အခြေခံတွေပဲပေါ့။

ပြည်ထဲရေး ၀န်ကြီးဌာနမှာ ဆိုဗီယက် ပုလိပ်တွေက ဦးဆောင်ထားတယ်။ လူထု ငြိမ်ပိနေဖို့၊ ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖို့၊ စီးပွားရေး မသမာမှုတွေကို အရေးယူဖို့၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို စီမံခန့်ခွဲဖို့ ဒါတွေကို တာဝန်ယူတယ်။ ဧရာမ ရာဇ၀တ်မှုကြီးတွေလို့ ခေါ်တဲ့ နိုင်ငံရေး အမှုမျိုးတွေ၊ နိုင်ငံခြား ငွေကြေးလို အကြီးစား ရာဇ၀တ်မှုမျိုးတွေ၊ ဓားပြမှု (လက်နက်ကိုင် ပုန်ကိုင်မှုကို အဓိပ္ပာယ် ဖွင့်ထားတာ)၊ အကြမ်းဖက်မှု၊ ဖောက်ခွဲမှု၊ လူထုအုံကြွမှု ဒါတွေအားလုံးကို ကေဂျီဘီရဲ့ တရားစီရင်ရေး အောက်မှာ ထားရှိတယ်။

အက်စတိုးနီးယား ကေဂျီဘီတွေရဲ့ ဖွဲ့စည်းပုံကလဲ သူ့လုပ်ဖော်ကိုင်ဖက် တခြားတခြားသောဆိုဗီယက် ကေဂျီဘီတွေလိုပဲ။ ထောက် လှမ်းရေးနဲ့ ပတ်သက်လာရင် တပ်မ တခုရှိပြီး သူ့လုပ်ငန်းစဉ်တွေက ဒီနေ့ထိလဲ သိုသိုသိပ်သိပ် ဖုံးဖုံးဖိဖိ ရှိနေဆဲပဲ၊ စစ်အေးခေတ် တလျှောက်လုံး ပြည်ပ ရောက်နေတဲ့ အက်စတိုးနီးယန်းတွေတဆင့် သူတို့ရဲ့ အဖျက်အမှောင့် နှောင့်ယှက်ရေး လုပ်ငန်းတွေ လုပ်ခဲ့ တယ်လို့ အများက ထင် ကြေးပေးကြတယ်။

တန်ပြန်ထောက်လှမ်းရေး လုပ်ငန်းတွေကို တာဝန်ယူတဲ့ တပ်မ-၂ရဲ့ အလုပ်တွေကတော့ ပိုလူသိများတယ်။ သူ့လုပ်ငန်းတွေထဲမှာ အက်စတိုးနီးယားမြေပေါ် ရောက်နေတဲ့ နိုင်ငံခြားသားတွေကို စုံစမ်းထောက်လှမ်းတာ၊ ကေဂျီဘီနဲ့ ထိစပ်ထားတဲ့ ခရီးသွား လုပ်ငန်းတွေကို ထိန်းချုပ်တာတွေပေါ့။ ဒီခရီးသွား လုပ်ငန်းတွေက ဆိုဗီယက် ပြည်သူတွေရဲ့ ပြည်ပခရီးစဉ်တွေကို စီစဉ်ပေးရတယ်။ တာဝန်ခံရတယ်။ တပ်မ ၄ ကတော့ ၁၉၅၀ ခုနှစ် တ၀ိုက်က လက်နက်ကိုင် ပုန်ကိုင်မှုတွေကို နှိပ်ကွပ်ခဲ့တဲ့ တပ်ဖွဲ့တွေ ဖြစ်ပြီး `ပုန်ကန်ခြင်း´ဆိုတဲ့ ဓားပြမှုတွေကို တာဝန်ယူရတယ်။

တပ်မ- ၅ ကတော့ အက်စတိုးနီးယား လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ သူတွေကို စောင့်ကြည့်တယ်။ လူထုရဲ့ နိုင်ငံရေးရေချိန်၊ အနေအထား၊ ရပ်တည်ချက်တွေကို ချိန်ဆတယ်။ တခြားတခြား အဖွဲ့တွေကလဲ တယ်လီဖုန်းကို ခိုးဖြတ်နားထောင်တာတို့၊ စာတွေ ခိုးဖောက်ကြည့်တာတို့၊ ကုန်သွယ်ရေးအဖွဲ့အစည်းတွေထဲက လျှို့ဝှက်ချက်တွေ ကို နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်း ပေးရ တာတို့၊ ပါတီခေါင်းဆောင်တွေကို အကာအကွယ်ပေးတာတို့ ဒါတွေ လုပ်တယ်။

အက်စတိုးနီးယားရဲ့ နယ်ခြားတပ်တွေဟာ ဆိုဗီယက်ယူနီယံရဲ့ အနောက်မြောက် ကွပ်ကဲမှု လက်အောက်ခံ တပ်တွေအဖြစ် တာဝန် ယူရတယ်။ အစုလိုက်အပြုံလိုက် လူတွေကို ရွှေ့ပြောင်းတဲ့ နေရာမှာ နှိပ်ကွပ်တဲ့ နေရာမှာ တာဝန်ယူရတယ်။ အဲဒီက တပ်တွေဟာ အထူးတာဝန်တွေ ရှိပြီး ဂျီအာယူလို့ ခေါ်တဲ့ ထောက်လှမ်းရေးဌာနရဲ့ အမိန့်တွေကို နာခံရတယ်။ ဒေသဆိုင်ရာ ကိစ္စတွေကို ၀င်ရောက်စွက်ဖက်တာမျိုးတော့ အကြမ်းဖျင်းလောက်ပဲ လုပ်ကြတယ်။ အဓိက တာဝန်ကတော့ ဥရောပ မြောက်ပိုင်း တိုင်းပြည်တွေရဲ့ နယ်စပ်တွေမှာ ထောက်လှမ်းရေး လုပ်ငန်းတွေ၊ ဖောက်ခွဲဖျက်ဆီး ရေး လုပ်ငန်းတွေ လုပ်ရတာ ဖြစ်တယ်။

ရှေ့နေချုပ်ရုံးကလဲ ဆိုဗီယက် ဖိနှိပ်ရေး ယန္တရားမှာ အထူးကဏ္ဍအဖြစ် ပါဝင်ရတယ်။ အာဏာပိုင်တွေရဲ့ အမှုအခင်းတွေအားလုံးကို ဆိုဗီယက် ဥပဒေနဲ့ ကြီးကြပ်ရတာပါ။ ဆိုဗီယက် ယူနီယံ ရှေ့နေချုပ်ကနေ အက်စတိုးနီးယား ရှေ့နေချုပ်ကို ခန့်အပ်ရတယ်။ သူ့အမိန့်ကိုပဲ နာခံစေတယ်။

အဖွဲ့အစည်း အားလုံးဟာ ဆိုဗီယက် အတွေးအခေါ် ပေါ်မှာ မဏ္ဍိုင်ပြုထားတယ်။ နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့တွေကို ဗော်ရှီဗစ်တွေရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေလို့ အမွှန်းတင်ထားပြီး တပ်ဖွဲ့ဝင်တိုင်းကိုတော့ `တော်လှန်ရေးရဲ့သူရဲကောင်းတွေ´လို့ သုံးနှုန်း ခေါ်ဝေါ် တယ်။ ဆိုဗီယက်လျှို့ဝှက် ပုလိပ်အဆောက်အအုံပုံစံကို အခုလို ကူးချထားပေမယ့် အက်စတိုးနီးယန်း လူထုကိုတော့ ဒီအတွေး အခေါ်တွေက လွှမ်းမိုးသွားတာ မရှိဘူး။ တချို့ကသာ ကေဂျီဘီကို အလုပ်အကျွေး ပြုတယ်။ အများစုကတော့ ဆိုဗီယက်တွေနဲ့ ပတ်သက်ရင် အပြစ်မြင်တယ်၊ ဒါတောင် အက်စတိုးနီးယန်း လူ့အဖွဲ့အစည်းဟာ ကေဂျီဘီ သတင်းပေးတွေ ဘယ်လောက်အထိ ပြည့်နှက် နေခဲ့သလဲဆိုတာကတော့ ဆိုဗီယက်ခေတ်ကုန်သွားတဲ့အထိ မရှင်းမရှင်းပဲ။ ချက်ကိုဆလိုဗက်ကီးယားနဲ့ အရှေ့ဂျာမနီ အခြေအနေ တွေကို ထောက်ချင့်ရင် လူ ၁၀ ယောက်မှာ တယောက်ဟာ ကေဂျီဘီတွေနဲ့ လျှို့ဝှက်ပတ်သက်ခဲ့တာချည်းပဲ ဆိုတာ တွေ့ရတယ်။

ချက်ကိုစလိုဗက်ကီးယား၊ အရှေ့ဂျာမနီ နိုင်ငံတွေနဲ့ အက်စတိုးနီးယား နိုင်ငံမတူတာက ဆိုဗီယက် လွှမ်းမိုးမှု အစဉ်အလာကို ဆန့်ကျင် ခဲ့ကြတာဟာ ဒီဆိုဗီယက် ပုလိပ်တွေက သူတို့လူမျိုး မဟုတ်လို့ပဲဆိုတဲ့ အချက်တချက်တည်းနဲ့ ပြောနိုင်တယ်။ ဘာသာစကားကလဲ အခရာ ကျတယ်။ ဆလက်ဗိုးနစ် ဆိုတဲ့ ရုရှားဘာသာစကားက အက်စတိုးနီးယန်းတွေ ကျွမ်းကျင်ဖို့အတွက် ခက်ခဲတယ်။ သူတို့ရဲ့ လေယူလေသိမ်းက တမျိုးပဲ။ နှစ် ၅၀ လုံးလုံး ဆိုဗီယက်တွေ အုပ်ချုပ်ခဲ့တာတောင် အက်စတိုးနီးယန်းတွေခမျာ ရုရှားဘာသာ စကားကို မကျွမ်းကျင်နိုင်ဘူး။

အက်စတိုးနီးယား လူ့အဖွဲ့အစည်းမှာ ကေဂျီဘီတွေရဲ့ အခန်းကို သိပ်တော့ အရမ်းကြီး တွက်ထားလို့ မရဘူး။ ဒီပုလိပ်တွေကို ကွန်မြူနစ် ပါတီက ထိန်းချုပ်ထားတာ မဟုတ်လား။ အမြဲတမ်း ပေါ်လစ်ဗျုရိုရဲ့ ညွှန်ကြားမှုကို နာခံနေရတာ။ အပြစ်ပေးဖို့ ဆုံးဖြတ် ချက်တွေ၊ နိုင်ငံရေး အလှည့်အပြောင်းတွေကို မော်စကိုကသာ ဆုံးဖြတ်တာ။ ဒါတွေကို ကေဂျီဘီက အတည်ပြုပေးရတဲ့ အဆင့်ပဲ ရှိပါတယ်။

နီကီတာ ခရုရှော့ရဲ့ နိုင်ငံရေး ရာသီခွင် ကြည်လင်နွေးထွေးစဉ် ကာလတွေမှာဆို နိုင်ငံရေး အတွေးအမြင် မတူညီမှုတွေအထိ ခွင့်ပြု တာပဲ။ ၁၉၆၈ ခုနှစ် ပရာဂ်နွေဦး ပုန်ကန်မှု ဖြစ်တော့မှ နာရီတွေက ချက်ချင်း ပြောင်းပြန် ပြန်လည်သွားခဲ့တာ။ အမျိုးသား ဓနရှင်တွေ ဆိုပြီး အက်စတိုးနီးယားမှာ ရေရေလည်လည် နှိပ်ကွပ်ခဲ့တာပေါ့။

စိတ်မသက်သာစရာကတော့ ကေဂျီဘီတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဒီနေ့ထိ နားမလည်နိုင်အောင် သိုသိုသိပ်သိပ် ရှိနေဆဲ ဆိုတာပါ။ ကေဂျီဘီ တပ်မ ၅ ရဲ့ လာဘ်စားမှု တိုက်ဖျက်ရေး တာဝန်ယူ ရှင်းလင်းရတဲ့ အမှတ် ၁၀ ညွှန်မှူးရုံးဌာနဟာ စီးပွားရေး လုပ်ငန်းဘ၀တွေကို ထိုးဖောက်ဖို့ တာဝန်ယူတယ်ဆိုတာ ပဲ သိရတယ်။

ဒီလုပ်ငန်းတွေနေတဆင့် နာမည်ခံ ကုမ္ပဏီတွေ၊ ဒါတွေကနေတဆင့် ငွေကြေးတွေ၊ ပုဂ္ဂိုလ်ရေး စာရင်းတွေ လွှဲပြောင်းပေးတာတွေ ၁၉၈၅ ခုနှစ် တ၀ိုက်မှာ စတင်ခဲ့တယ်လို့ အကဲခတ် ကျွမ်းကျင်သူတွေက ဆိုကြတယ်။

ဆိုဗီယက်အာဏာကို အာခံခြင်း
အက်စတိုးနီးယား အစိုးရဟာ စစ်ရဲ့ အနိဌာရုံတွေကို ရှောင်လွှဲနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ၁၉၃၉ ခုနှစ်မှာ ချက်ကိုစလိုဗက်ကနေ ဂျာမန် လက်အောက်ခံလိုက်တဲ့ လမ်းစဉ်အတိုင်း ဆိုဗီယက်ကို အညံ့ခံလိုက်တယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှချင်တော့ ဒီရွှေပြည်အေး မျှော်လင့်ချက်တွေက သိပ်အသက်မရှည်ဘူး။

ဆိုဗီယက်တွေ သိမ်းပိုက်လိုက်တဲ့ ပထမနှစ် တနှစ်တည်းမှာတင် အက်စတိုးနီးယား ခြောက်သောင်း (သူ့လူဦးရေရဲ့ ခြောက်ရာခိုင်နှုန်း ဟာ ဖမ်းဆီးတာ၊ ပစ်သတ်တာ၊ ရုရှားနယ်မြေထဲကို ပို့ပစ်တာ ခံရတယ်။ အချုပ်အချာ ဆုံးရှုံးရမှုတွေ….. နိုင်ငံနဲ့ အ၀ှမ်း ရက်စက်မှု တွေကြောင့် လူထုအုံကြွမှုတွေ မကြာခဏ ပေါ်ပေါက်ခဲ့တယ်။ နာဇီဂျာမနီနဲ့ ဆိုဗီယက်ယူနီယံ စစ်ဖြစ်တဲ့ အခါမှာတော့ ပိုလို့တောင် ခေါင်းထောင်လာကြတယ်။

ဂျာမန်တွေ စိုးမိုးတဲ့ သုံးနှစ်တာ ကာလမှာ အက်စတိုးနီးယား အချုပ်အချာ အာဏာကို ဂျာမန်တွေက ပြန်မဆောင်ကျဉ်းပေးခဲ့ဘူး၊ လွတ်မြောက်ရေး လှုပ်ရှားမှုတွေက ဂျာမန်တွေရဲ့ နှိပ်စက်မှုတွေကြားထဲကနေ ပိုကြီးထွားလာတယ်။ ၁၉၄၄ ခုနှစ်မှာ နာဇီဆန့်ကျင် ရေး မြေအောက်အစိုးရ ဖွဲ့ကြတယ်။ ဂျာမန်တပ်တွေ ဆုတ်ခွာသွားတော့ ဒီအစိုးရက အက်စတိုးနီးယား လွတ်လပ်ရေးအတွက် ဆက်ကြိုးစားပေမယ့် မအောင်မြင်ဘူး။ တပ်နီတော်တပ်တွေ အမြန်ပြန်ဝင်လာပြီး အလျင်အမြန်ပဲ သုတ်သင်ရှင်းလင်းတာ ခံခဲ့ရတယ်။

ဒါကြောင့် ၁၉၄၄ ခုနှစ်ဟာ ဆိုဗီယက်ရဲ့ ဒုတိယ သိမ်းပိုက်မှုလို့ ဆိုရမယ်။ ၁၉၄၅ ခုနှစ် နောက်ပိုင်းကနေ ၁၉၅၀ ပြည့်နှစ် အစောပိုင်းအထိ ပြောက်ကျားစစ် ဆင်နွှဲနေခဲ့ပြီး ရုရှားတွေက အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းပစ်တာတွေ၊ စုပြောင်း ဘုံလယ်ယာတွေ ထူထောင်ပစ်တာတွေနဲ့ တန်ပြန်ချုပ်ထိန်းခဲ့တယ်။ ဒီလိုလုပ်တော့ တိုက်ပွဲဝင်တဲ့အားတွေ ချိနဲ့ကုန်တယ်။ တဆက်တည်းမှာပဲ ၁၉၅၆ ခုနှစ် ဟန်ဂေရီ အဓိကရုဏ်းကို သွေးမြေကျ နှိပ်ကွပ်မှုတွေနဲ့ နှိပ်ကွပ်ခဲ့ပြီး အတ္တလန်တစ်ချာတာ အဖွဲ့ဝင် နိုင်ငံတွေကလဲ မသိချင်ယောင် ဆောင်နေတာကြောင့် အက်စတိုးနီးယားတွေရဲ့ လွတ်လပ်ရေး မျှော်လင့်ချက်တွေဟာ ရိုက်ချိုးဖျက်ဆီးခြင်း ခံရတယ်။ အနောက်ဒီမိုကရေစီ နိုင်ငံတွေက ကယ်တင်စောင်မ,မှာပဲဆိုတဲ့ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားတယ်။ ဒါပေမယ့် မျိုးချစ်တွေရဲ့ ခုခံမှုတွေက ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းအထိပြောက်ကျားပြောက်ကျား ရှိနေတုန်းပဲ။ နာမည်ကျော် `တောပုန်းညီနောင်ဂိုဏ်း´ဆိုရင် ၁၉၇၃ ခုနှစ်အထိ ကေဂျီဘီတွေက မသတ်ဖြတ်နိုင်ခဲ့ဘူး။

လက်နက်ကိုင်ဆန့်ကျင် တော်လှန် ပုန်ကန်မှုတွေ ရှုံးနိမ့်ခဲ့ပေမယ့် မျိုးချစ် ဆိုဗီယက် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကတော့ ဆက်ဖြစ်နေခဲ့တယ်။ အထက်တန်းကျောင်း တွေမှာ ပိုထင်ရှားတယ်။ မြေအောက်အဖွဲ့အစည်းတွေက ၀ါဒဖြန့် စာရွက်စာတမ်းတွေကို ထုတ်ဝေဖြန့်ချိကြတယ်။ နောက်ဆုံးတော့ အဲဒီအုပ်စုတွေ အဖမ်းခံရ၊ အရေးယူခံရတာပါပဲ။

flickr.com

ဆိုဗီယက်ခေတ်က အမြတ်တနိုးစိုက်ထူခဲ့သော တပ်နီတော်စစ်သည်ရုပ်တု


ဒါပေမယ့် ဒီကြိုးပမ်းမှုတွေက ၁၉၆၀ ခုနှစ် ဆိုဗီယက် အတိုက်အခံ လှုပ်ရှားမှုတွေ တရားဝင် ပေါ်လာတဲ့အထိ ဆက်ရှိနေခဲ့ကြတယ်။ လူထုက ဒီလှုပ်ရှားမှုတွေကို နှစ်ထောင်းအားရ ကြိုခဲ့ကြရင်း အမျိုးသား လွတ်မြောက်ရေးဆီကို ဦးတည်ကုန်တယ်။ ဒီကြိုးပမ်းမှု သဘောတရားက ရှင်းတယ်။ အဓိကက အက်စတိုးနီးယား လွတ်လပ်ရေး၊ ကွန်မြူနစ် အကြမ်းဖက်မှုနဲ့ ရုရှားဝါဒ သွတ်သွင်း ရေးတွေကို ဆန့်ကျင်ရေးပဲ ဖြစ်တယ်။ ဒါပေမယ့်လဲ ဆိုဗီယက် အုပ်စိုးမှု တလျှောက်လုံးမှာ တော်လှန် ဆန့်ကျင်မှုတွေဟာ ဟိုတကွက် ဒီတကွက်နဲ့ စုစည်းဦးဆောင်မှုအောက်မှာလုပ်ကိုင် နိုင်စွမ်း မရှိခဲ့ကြဘူး။ ခုခံတော်လှန်ရေး တပ်ပေါင်းစု အဖွဲ့ကြီးဟာလဲ မအောင် မြင်ဘူး။ ပါဝင် လှုပ်ရှားတဲ့ သူတွေဟာလဲ ကေဂျီဘီတွေရဲ့ ဖမ်းဆီးတာကို ခံကြရတယ်။

အဲဒီလို တစုတဖွဲ့တည်း မလှုပ်ရှားနိုင်တာ တခုတော့ ကောင်းတယ်။ ထိရောက်သင့်သလောက် မထိရောက်တာ မှန်ပေမယ့် အရေး တော်ပုံ တခုလုံးကို တခါတည်း အပြတ် ချေမှုန်းလို့တော့ မရခဲ့တာ အမှန်ပဲ။ ရှေ့က တသုတ် ကျသွားရင် နောက်တသုတ်နဲ့ အဲဒီနေရာ ကို အစားထိုး ၀င်ရောက် လှုပ်ရှားလာတာ တွေ့ရတယ်။


အသွင်ကူးပြောင်းရေးကာလ
၁၉၈၅ ခုနှစ် ဂေါ်ဘာချော့ဗ်က ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ဖြစ်လာချိန်မှာ ဆိုဗီယက် ပြည်ထောင်စုရဲ့ နိုင်ငံရေး စနစ်က အကျပိုင်းကို ဦးတည်နေပြီ။ ဒုတိယ ကမ္ဘာစစ် မဖြစ်ခင်နဲ့ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ရုရှားတွေကို နှစ်ထောင်းအားရ ရှိနေခဲ့တဲ့ ကွန်မြူနစ်တွေရဲ့ စံတွေဟာ ၁၉၈၀ ခုနှစ် တ၀ိုက်မှာတော့ တန်ဖိုးမဲ့ ဖြစ်လာခဲ့တယ်။ ဆိုဗီယက် စီးပွားရေးကလဲ သူ့ရဲ့ ဧရာမ စစ်တပ် အခင်းအကျင်းတွေကို ဆက်လက် သယ်ဆောင်နိုင်စွမ်း မရှိတော့ဘူး။ ဆက်လက် ဖြည့်ဆည်း နိုင်စွမ်း မရှိတော့ဘူး။ ဘုံလယ်ယာတွေ ဆိုတာကလဲ အရာမရောက်တော့ဘူးဆိုတာ သိလာပါတယ်။

စားသောက်ကုန်တွေက ရှားပါး၊ လူနေမှု အဆင့်အတန်းတွေက ထိုးကျလာတယ်။ တရားရေး မဏ္ဍိုင်တခုလုံး အကျင့်ပျက် ခြစားမှု တွေနဲ့ ပြဿနာတွေက ကွန်မြူနစ် ပါတီထဲအထိ လှိုက်စားနေတယ်။ စစ်တပ်က မျှော်လင့်ချက် မဲ့နေတဲ့ အာဖဂန် စစ်ထဲမှာ နစ်နေ တယ်၊ စိတ်ဓာတ်တွေ ပျက်နေတယ်။ ဆိုဗီယက် အစိုးရတခုလုံးမှာ ဒီပြဿနာတွေရဲ့ အတိမ်အနက် အကျပ်အတည်းကို တကယ် နားလည်နေတာက ထောက်လှမ်းရေး တာဝန်ယူထားတဲ့သူတွေသာ ဖြစ်တယ်။

အက်စတိုးနီးယားက ဆိုဗီယက်ကို လက်နက်ကိုင် တော်လှန်ဖို့တော့ ဒီအချိန်မှာ ဆုံ့ဆိုင်းနေခဲ့တယ်၊ စစ်မဖြစ်ခင်ကရယ်၊ စစ်ပြီးခေတ်ရယ်မှာ နှိပ်ကွပ်ခဲ့တာတွေကြောင့်ပေါ့။ အက်စတိုးနီးယား လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်း (ရှစ်သောင်း)ကို ဆိုက်ဗေးရီးယားက ညှဉ်းပန်းရေး စခန်းတွေဆီ ပို့ပစ်တယ်။ နောက်ထပ် လေးသောင်းကိုတော့ ရုရှား ပို့ပစ်တယ်။ အသက်ရှင်ကျန်တဲ့ တော်တော် များများကတော့ အက်စတိုးနီးယားကို ပြန်ရောက်ကြတယ်။ ဒါပေမယ့် လူဦးရေ အချိုးအစားတွေက အကုန် ပြောင်းလဲနေပြီ။ စစ်မဖြစ် မခင်က ၉၇ ရာခိုင်နှုန်း လူဦးရေက အက်စတိုးနီးယန်းတွေ။ ဆိုဗီယက်လက်အောက် ရောက်သွားတော့ ၆၄ ရာခိုင်နှုန်းထိ ကျသွား တယ်။ Talinn (တောလင်း) ဆိုတဲ့ မြို့တော်မှာဆိုရင် လူဦးရေ တ၀က်က ရုရှားတွေ ဖြစ်နေတယ်။

နာဗာ၊ ပယ်ဒီစကီး၊ ဆယ်လမီ ဆိုတဲ့ မြို့တွေနဲ့ အရှေ့ ဗီရူမာ ဒေသတို့မှာဆိုရင် ရုရှားတွေက ပိုများနေတယ်။ ရုရှားဘာသာစကားက အမြစ်တွယ်နေပြီ။ အက်စတိုးနီးယား အများစုရဲ့ လွတ်လပ်ရေး မျှော်လင့်ချက်တွေ ပျောက်ဆုံးကုန်ပြီ၊ ဆိုဗီယက်အာဏာအောက်မှာ နေတတ်အောင် နေလာကြရတယ်။ ရုရှား လူမျိုးကြီးရဲ့ ၀ါးမျိုမှုကို ခံရမယ့်ကိန်း အက်စတိုးနီးယားမှာ ဆိုက်နေခဲ့တယ်ပေါ့။

ဂလပ်စနော့ (ပွင့်လင်းရေး)နဲ့ ပယ်ရယ်စထရိုအိကာ (စီးပွားရေးအဆောက်အအုံ ပြုပြင်မွမ်းမံရေး) (ဂေါ်ဘာချော့ဗ် ကိုင်စွဲခဲ့သော နိုင်ငံရေး မူဝါဒသစ်နှစ်ရပ်)ကနေ သူတို့ရဲ့အမျိုးသားရေး စိတ်ဓာတ်တွေ ပြန်လည်နိုးကြားလာစေခဲ့ပြီး ရုရှားနိုင်ငံ သွတ်သွင်းမှုကို လူထုတရပ်လုံးက ဆန့်ကျင်စိတ်တွေ ပြန်ထ,လာစေတယ်။ ပထမဆုံး ခြေရာလက်ရာကတော့ ၁၉၈၆ ခုနှစ်မှာ စဖြစ်တဲ့ အမျိုးသား အမွေဆိုး ထိန်းသိမ်းကာကွယ်ရေး လှုပ်ရှားမှုပါပဲ။ ဒီလှုပ်ရှားမှုက အက်စတိုးနီးယန်း လူ့အဖွဲ့အစည်း တခုလုံးရဲ့ အလွှာတိုင်းကို ၀င်ရောက် ထိုးဖောက်သွားနိုင်ခဲ့တယ်။ ၁၉၈၇ ခုနှစ်မှာတော့ ဖော့စ်ဖိုရိုက် စစ်ပွဲဖြစ်တယ်။ ဆိုဗီယက်က အက်စတိုးနီးယား နိုင်ငံပိုင် ဖော့စ်ဖိုရိုက်တွေ အကုန်လုံးကို တူးဖော်မယ်လို့ စီစဉ်တယ်။ ဒီအကြံအစည်ကို တနိုင်ငံလုံးက ဆန့်ကျင်ဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်။ ဒီမျိုးစေ့ကနေ ဆိုဗီယက်အာဏာ ဆန့်ကျင်တဲ့ လှုပ်ရှားမှုကြီး သန္ဓေတည် ကြီးထွားလာခဲ့တယ်။

(ဆက်ရန်)

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org