အပယ်ခံတောင်တန်းသားတယောက်အကြောင်း

မင်းလွင် (ရှမ်းပြည်)

Annoymous


အခုတလော ဘောလုံးပွဲဆက်များကြောင့် ကျနော်အိပ်ရေးပျက်နေသည်။ နံနက်အာရုဏ်ဦး အမေ၏ဘုရားဆွမ်းကပ်၊ အမျှဝေသံတွေ ကြားရသည့်တိုင် ကျနော်အိပ်ယာမှမထချင်ပေ။

အမေကတော့ကျနော်ဘောလုံးပွဲကိုက်နေလို့ အိပ်ရေးပျက်နေတာကို သိသောကြောင့် အိပ်ရာစောစောမနိုးပါ။ နံနက်ပိုင်း ဘီဘီစီ အသံလာမှသာ ကျနော် အိပ်ရာမှ လူးလဲထပြီး အမေချက်ထားသည့် နွားနို့ခဲကြော်နှင့် ထမင်းကို စားရသည်မှာ မြိန်လှသည်။ ဒီအချိန် မှာပဲ သူငယ်ချင်းက ရောက်လာလို့ အပြင်ထွက်စရာ အကြောင်းဖန်လာသည်။ သူငယ်ချင်းက ခရစ်ယာန် မိဘမဲ့ဂေဟာ သွားပြီး အလှူလုပ်မည်။ အဲ့လိုပွဲမျိုးဆို ကျနော် လုပ်အားပေးလှူရမှာ ၀ါသနာပါသည်။

ကျနော့်အဖို့သတင်းကောင်းတဲ့...

ညပိုင်းမှာအလှူရှင်သူငယ်ချင်းက ဖုန်းဆက်သတင်းပေးပို့လာပါသည်။ စင်္ကာပူဆေးရုံမှ ပူပူနွေးနွေးဆင်းလာတဲ့ ကျနော့် ပါတနာ တယောက် အခြေအနေမကောင်း၍ ဆေးရုံပြန်တင်ရပြီတဲ့၊ သူ့အကြောင်းကို စုံစမ်းထားတဲ့ကျနော့်ကို ဆောင်းပါးရှည်ရေးပါတဲ့၊ သူလည်း မိဘမဲ့ကလေးတဦး ဖြစ်ခဲ့တာကို မီးမောင်းထိုးပြပေးပါတဲ့၊ စစ်ရာဇ၀တ်ကောင်တစ်ဦး၏ နောက်ဆုံးဘ၀နိဂုံးကို ပြည့်စုံ သွားအောင် ဖော်ကျူးပေးပါတဲ့၊ စတဲ့- - -စတဲ့ တိုက်တွန်းချက်တွေနဲ့သတင်းကောင်းပေးလာပါတယ်။


ပါတနာအကြောင်းတစေ့တစောင်း

ပါတနာ့ကို ကျနော် စသိခဲ့ရသည်မှာ မဂ္ဂဇင်းများမှဖြစ်သည်။ စစ်ကိုင်းရှိ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှာ ရှိတဲ့ သူငယ်ချင်းက လစဉ်ထုတ်သူတို့ကျောင်းမဂ္ဂဇင်းများကို ပေးပို့သောကြောင့် စတင်မြင်ဖူးခဲ့ရသည်။ ထိုစဉ်က ပါတနာဟာ အနောက် မြောက်တိုင်း-တိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေသောကြောင့် စစ်ကိုင်းဖွံ့ဖြိုးရေးတက္ကသိုလ်ကို မကြာခဏလာရောက် စစ်ဆေး တတ်သည်။ (၉) မမ-ပစ္စတိုကို ကျောင်းလာတိုင်း ချိတ်ဆွဲတတ်တာကြောင့် လုပ်ကြံမှာကိုကြောက်တတ်သူဟု ယူဆမိသည်။

(၂၀၀၂) ခုနှစ်၊ နှစ်ဦးပိုင်းမှာ တိုင်းမှူးတွေ ရာထူးတက်တော့ သူလည်း လေကြောင်းရန်ကာကွယ်ရေးရာထူးရသွားသည်။ ဗိုလ်ရွှေမန်း ကတော့ စပါးအစိုက်ကောင်းတာကြောင့် ဗိုလ်သန်းရွှေက ခြေတော်ရင်းသို့ ခေါ်ထားသည်။ (၂၀၀၂) နှစ်ဦးပိုင်းမှာ အမည်မသိ တိုက်လေယာဉ်နှစ်စီး မြန်မာ့လေပိုက်နက်ထဲ ဖြတ်သန်းသွားတာကြောင့် ဗိုလ်သန်းရွှေ၏အဆူအဆဲကို ကောင်းကောင်းခံလိုက်ရ သည်။ ဒါပေမယ့် စိတ်ဓါတ်မကျသွားပါ။ ထိုနှစ်မတ်လ (၂၁-၂၃) ရက်များတွင် ဧရာဝတီတိုင်းအတွင်းခရီးလှည့်လည်ကာ အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တော့မှ အာဏာလွှဲမှာမဟုတ်ကြောင်း ညောင်တုန်းနှင့်ပုသိမ်မြို့များတွင် မိန့်ခွန်း ချွေခဲ့သည်။ ဆုလဒ်အဖြစ် ရန်ကုန်ပြန်ရောက်တော့ လှစ်ဟာနေတဲ့ဗိုလ်ချုပ်တင်ဦး၏အတွင်းရေးမှူး (၂) နေရာကိုရခဲ့သည်။ ဒီလိုနဲ့ အတွင်းရေးမှူး (၁)၊ ၀န်ကြီးချုပ် အဆင့်ဆင့်ရာထူးတိုးခဲ့သလို `ဒီပဲယင်းစစ်ရာဇ၀တ်ကောင်´ ဘွဲ့ကိုပါချီးမြှင့်ခံခဲ့ရသည်။

တော်လှန်ရေးသွေး ရဲရဲတောက်သော မိဘနှစ်ပါး

ယနေ့တိုင် မိမိ၏မိဘ ဘယ်သူဘယ်ဝါဆိုတာကိုမသိရှာသေးသော တောင်တန်းသား-ပါတနာဘ၀ကား သနားစရာပင်။
တကယ်တော့မိဘနှစ်ပါးစလုံးမှာ အင်းလေးဒေသ၊ နမ့်ပန် (ရေလယ်) ရွာဇာတိဖြစ်သည်။ နမ့်ပန်ဆိုသည်မှာအင်းလေးဒေသတွင်
လက်သမားအတတ်ကျွမ်းကျင်သောရွာဖြစ်သည်။ အဖအမည်မှာ ကိုချမ်းသာနှင့် မိခင်အမည်မှာ မမြသီဖြစ်သည်။ နှစ်ဦးစလုံးအင်း
တိုင်းရင်းသားများဖြစ်သည်။

မိခင်သည် (၁၉၄၄) ခုနှစ်၊ အာရှလူငယ်အစည်းအရုံး ကရင်နီပြည်တွင် ဖွဲ့စည်းသောအခါ ထင်ရှားတက်ကြွ
သောကျောင်းသူခေါင်းဆောင်ဖြစ်သည်။ အင်းအမျိုးသမီးဖြစ်သော်လည်း ကရင်နီပြည်နယ်လွိုင်ကော်တွင် ကြီးပြင်းခဲ့သည်။ ထိုစဉ်
ကလွိုင်ကော်နှင့်အင်းလေးမှာ ဘီလူးချောင်းအတွင်းရေကြောင်းသွားလာမှုရှိသောကြောင့် လွိုင်ကော်မြို့၏သုံးပုံတစ်ပုံကို အင်းသား
များကလွှမ်းမိုးထားသည်။ ထို့ပြင်ကရင်နီပြည်အုပ်ချုပ်ရေးကိုလည်း ရှမ်း(တောင်) ရှိ (၀န်ရှင်တော်မင်းကြီး) ကပူးတွဲအုပ်ချုပ်ထား
သောကြောင့် ရှမ်း(တောင်) နှင့်ကရင်နီပြည်မှာဆက်စပ်မှုရှိသည်။

ရှမ်းပြည်နယ်၏ပထမဆုံး နိုင်ငံရေးလုပ်ရှားမှုအစဟုခေါ်တွင်ထိုက်သည့် ဦးတင်ဧ (တင်ဧ-ရှမ်းပြည်) ဦးဆောင်သည့် ညောင်ရွှေမြို့မှ `အလင်းရောင်´ စာကြည့်တိုက်သည် ရှမ်းပြည်နိုင်ငံရေး၏သန္ဓေဟုခေါ်ဆိုလောက်ပေသည်။ အင်္ဂလိပ်အစိုးရ၏ ဖိနှိပ်မှုနှင့် ဒေသခံ စော်ဘွားများ၏ အာဏာစက်ဓါးသွားအောက်တွင် မည်သူမျှ နိုင်ငံရေးဆိုတာကို လုပ်ဖို့နေနေသာသာ ပါစပ်ပင်မဟရဲလောက်သော အခြေအနေတွင် စာကြည့်တိုက်ကလေးအကြောင်းပြကာ နိုင်ငံရေးကိုကြိတ်လုပ်ခဲ့သည်။ ကိုချမ်းသာလည်း ယင်းလုပ်ငန်းတွင် တစိတ်တဒေသအဖြစ် ပါဝင်လာသည်။ ရန်ကုန်ရှိ တို့ဗမာအစည်းအရုံးနှင့် နိုင်ငံရေးလုပ်ရှားမှုအဖွဲ့များမှပေးပို့သော စာအုပ်၊ ဂျာနယ်၊ စာစောင်များကို `အလင်းရောင်´က လူငယ်ထုအတွင်း ဖြန့်ဝေလှုံ့ဆော်ခဲ့သည်။ တခါတရံ စော်ဘွားပုလိပ်တပ်က လာရောက် စစ်ဆေးသည့် အခါမျိုးတွင် ကိုတင်ဧအဖွဲ့မှကိုထွန်းဦးသည် စက်ဘီးကိုယ်စီဖြင့် နိုင်ငံရေးစာစောင်များကို ထုပ်ပိုးတင်ဆောင်ကာ ညောင်ရွှေမြို့ကို နှစ်ပတ်ခန့်ပတ်ရင်း ရှောင်နေခဲ့ရဖူးသည်။ ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး ဖွဲ့သောအခါ ကိုချမ်းသာသည် တက်ကြွစွာ ပါဝင်ခဲ့ပြီး စော်ဘွားများကို ဆန့်ကျင်သမှုပြုခဲ့သေးသည်။ ထိုအကျိုးဆက်ကြောင့်လည်း နောင်အခါ စော်ဘွားများ၏ ငြိုငြင်မှုကို ခံရကာ တောခိုခဲ့ရသည်။

ဂျပန်တော်လှန်ရေး စတင်သောအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးအောင်တို့ စေလွှတ်လိုက်သော ရဲဘော်-ဗိုလ်ဘရီသည် ကိုတင်ဧတို့နှင့် အတူလက်တွဲကာ အင်းလေးတခွင်လှုပ်ရှားခဲ့သည်။ မဟာမိတ်များပေးပို့လိုက်သော လက်နက်ခဲယမ်းများကို ဂျပန်ခေတ်အတွင်းဖောက်လုပ်ခဲ့သော တောင်လေးလုံး-ခေါင်တိုင် (ရေပူစမ်း) လမ်းအတိုင်းပေးပို့လိုက်သည့် သတင်းရ
သောအခါ ကိုချမ်းသာတစ်ယောက်တည်း လှေဖြင့်သွားရောက်သယ်ဆောင်ပေးခဲ့သည်။ ကိုယ်တိုင်ကလည်း လက်သမားအတတ်
ပညာကို ကောင်းမွန်စွာတတ်မြောက်သောကြောင့် သေနတ်လက်ကိုင်ရိုးများကိုတပ်ဆင်ပြုလုပ်ပေးခဲ့သည်။ နမ့်ပန်ရွာမှတဆင့်
လွိုင်ကော်ဒေသရှိပြောက်ကျားရဲဘော်များထံ လက်နက်များကိုပေးပို့ရာတွင်လည်း အဓိကပါဝင်ကူညီခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးအပြီး လွိုင်ကော်တွင်ကရင်နီလူငယ်ခေါင်းဆောင် ကိုထွန်းနွယ်နှင့်လက်တွဲခဲ့ပြီး လွတ်လပ်ရေး
ခရီးအတွက်ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။ (၁၉၄၆) ခုနှစ်၊ မတ်လ (၂၃ မှ ၂၈) ထိကျင်းပသော ပထမပင်လုံညီလာခံတွင် ကရင်နီ
ပြည်လူငယ်အဖွဲ့များအဖြစ် ကိုကျီးညို၊ မအေးနွံ၊ မမြသီတို့နှင့်အတူ တက်ရောက်ခဲ့သည်။ ပင်လုံညီလာခံမှအပြန် မိမိဘ၀ကို
တိုင်းပြည်အတွက်ပေးလှူမည်ဟု စိတ်ဆုံးဖြတ်ခဲ့သည်။ မိမိနှင့်လူမျိုးချင်းလည်းတူ၊ လက်တွဲဖော်ရဲဘော်ရဲဘက်လည်းဖြစ်သော
မမြသီနှင့် လွတ်လပ်ရေးရပြီးစတွင် လက်ထပ်လိုက်သည်။

လွတ်လပ်ရေးရရှိခဲ့သော်လည်း ရှမ်းပြည်နှင့်ကရင်နီပြည်တို့တွင် ပဒေသရာဇ်စနစ်သည် ဆက်လက်ကျန်ရှိနေသေးသော
ကြောင့် စောဖျာများနှင့်တိုက်ပွဲဆင်နေရသေးသည်။ မိမိ၏လက်တွဲဖော်လက်တွဲဖက် ရှမ်းပြည်မှ ရပလရဲဘော်များစော်ဘွားပုလိပ်
တပ်နှင့် အစိုးရတပ်များ၏ ညှပ်ပိတ်ချေမှုန်းခံရသောအချိန် (၁၉၄၉) တွင် ရှမ်းပြည်မှပြည်သူ့ရဲဘော်များတောခိုသောအခါ
လွိုင်ကော်ရှိ ကိုချမ်းသာတို့လင်မယားနှစ်ဦးလည်း မရှေးမနှောင်းမှာပင် တောခိုကုန်ကြသည်။ တောတွင်း၌ဆင်းရဲသည့်ဒဏ်ကို
ခံနေရသောအချိန်မှာပင် သားဦးဖြစ်သူမောင်စိုးဝင်း ( ဒီဇင်ဘာလဖွား၊ အင်္ဂါသား) ကိုခင်မင်သောသူလက်ထဲသို့ပေးလိုက်ရသည်။
ဒုတိယသားငယ်ကိုလည်း (၁၉၅၁) တွင်မွေးဖွားခဲ့ပြီး အခြားသူထံပေး လိုက်ရပြန်သည်။ ဖခင်ဖြစ်သူကိုချမ်းသာသည် (၁၉၅၂)
တွင်အစိုးရတပ်များနှင့်ဖြစ်ပွားသောတိုက်ပွဲတွင် ကျဆုံးခဲ့လေသည်။

မမြသီသည်ကိုချမ်းသာမရှိသည့်နောက်ပိုင်း တော်လှန်ရေးတွင်ဆက်လက်တိုက်ပွဲဝင်ခဲ့ပြီး ပဒေသရာဇ်စော်ဘွားများ အာဏာစွန့်သော (၁၉၅၉) ခုနှစ်ကုန်တွင် မြေပေါ် ပြန်ရောက်လာသည်။ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်၊ မြို့ပတ်လမ်းအရှေ့၊ အစိုးရဆန်ဂိုဒေါင်အနီးရှိ နေအိမ်တွင်ဆွေမျိုးများနှင့်အတူ နေထိုင်သွားခဲ့သည်။ မကွယ်လွန်မှီအချိန်ထိ လုပ်ဖော်ကိုင်ဖက် ရပလ ရဲဘော်ဟောင်းများ ဖြစ်ကြ သော ဦးထွန်းမြင့်-တောင်ကြီး၊ ဦးခွန်ထီး-ပင်လုံ (သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်၏အဖိုး)၊ ဦးရွှေအုံးတို့ (၁၉၈၉) တွင် ဖွဲ့စည်း တည် ထောင်သော ရှမ်းပြည်တိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (ရ-တ-ဒ-ဖ) ဌာနချုပ်တည်ရှိရာ (ရေထွက်ဦးလမ်း၊ ကန်ရှေ့ရပ်ရှိ ဆီဆိုင်စော်ဘွားစ၀်ခွန်ကြည်သမီး၊ စ၀်မြ၀င်းပိုင်အိမ်) သို့ မကြာခဏသွားရောက်ကာအားပေးကူညီခဲ့သည်။ လွန်ခဲ့သော နှစ် (၄၀) ကျော်အချိန်က ပထမပင်လုံညီလာခံတွင် ဟောပြောခဲ့သော ဦးထွန်းမြင့်တောင်ကြီးနှင့်ဦးခွန်ထီး-ပင်လုံတို့၏ ပြောကြားချက်များကို မမေ့နိုင်ဘဲပြန်ပြောင်းပြောပြနေတတ်သည်။ ကွယ်လွန်ခါနီးအချိန်အထိ စစ်ဘက်တွင် ရာထူးကြီးကြီးရနေသော သားကြီးနှင့် သားငယ်ကို ဆက်သွယ်အကြောင်းကြားခြင်းမရှိခဲ့ပေ။ (၁၉၉၀)နောက်ပိုင်းတွင်ကွယ်လွန်သွားကြောင်း သိရှိရသည်။

(ရပလ-ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ၁၉၄၆-ပထမပင်လုံညီလာခံအပြီးဖွဲ့စည်းခဲ့သော ရှမ်းပြည်၏ပထမဆုံးနိုင်ငံရေးအဖွဲ့၊
ဒုတိယပင်လုံညီလာခံတွင် ပင်လုံစာချုပ်ဖြစ်ပေါ်လာရေးအတွက် တောင်တန်း-ပြည်မပူးပေါင်းရေးကို အဓိကအခန်းမှပါဝင်ကူညီခဲ့
သည်။ စာရေးသူ)

အလာကောင်းသော်လည်းအခါနှောင်းပြီ

ဝန်ကြီးချုပ်ဘ၀ရောက်မှ မိမိဘ၀အမှန်ကိုတစွန်းတစသိရှိနေပြီဖြစ်သော ပါတနာတစ်ယောက် လွမ်းဆွတ်သတိရမှုတို့
ဖြင့်ဇာတိမြေ ကရင်နီဒေသ (ယခုအခေါ်ကယားပြည်နယ်) သို့ (၂၀၀၄) ခုနှစ်တွင်ရောက်ရှိလာခဲ့သည်။ လွိုင်ကော်မြို့တိုး
တက်ဖွံ့ဖြိုးရေးကို အနည်းငယ်လုပ်ပြသွားသည်။ လွိုင်ကော်တောင်ဘက် (၁-မိုင်ခွဲ) အကွာတွင်ရှိသော မြကလပ်တောင်ပေါ်တွင်
ဘုရားထီးတော်တင်လှူသွားပြီး ဘုရားကို (၂၄) နာရီ အချိန်ပြည့်မီးထွန်းညှိပူဇော်ရန် အမိန့်ပေးခဲ့သည်။ (မြကလပ်တောင်သည်
စစ်ရေးအမြင်အရ ကရင်နီလက်နက်ကိုင်အဖွဲ့ (ကေအန်ပီပီ)အတွက်လွန်စွာအရေးပါသည်။ မကြာခဏဆိုသလို မြကလပ်မှနေ၍
လက်နက်ကြီးဖြင့် လွိုင်ကော် (ဒကစ) ဌာနချုပ်၊ ထောက်လှမ်းရေးရုံးနှင့် ခလရ (၅၄) များကိုပစ်ခတ်လေ့ရှိသည်။ ထို့ကြောင့်
တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ဘုရားပြုပြင်တာကိုအကြောင်းပြရင်း လျှပ်စစ်မီးထိန်ထိန်ထွန်းညှိကာ ကေအန်ပီပီ၏စစ်ရေးကို
ဟန့်တားခဲ့သည်-စာရေးသူ)

မိဘ၏လုပ်ဖော်ကိုင်ဖက်ရဲဘော်ဟောင်းများ သက်ရှိထင်ရှားကျန်ရှိနေသေးကြောင်း သိရှိသောအခါ ရဲဘော်ဟောင်းများထံ ချဉ်းကပ်၍ လိုက်လံကန်တော့သည်။ ရန်ကုန်တွင် အေးအေးချမ်းချမ်းနေထိုင်နိုင်ရန် တိုက်ခန်းများဖြင့် ကန်တော့သော်လည်း တော်လှန်ရေး ရဲဘော်ဟောင်းများက လုံးဝလက်မခံချေ။ မိမိ၏သွေးသောက်ရဲဘော်၏ ရင်သွေးကိုမြင်ရ၍၀မ်းသာကြသော်လည်း ပကတိ ဖြစ်ပျက် နေသော အခြေအနေတို့ကြောင့် အော့နှလုံးနာမိကြသည်။ ထိုရဲဘော်ဟောင်းများထံ ကျနော်သည် ချဉ်းကပ်သောအခါ တော်လှန်ရေး ရဲဘော်ဟောင်းများက- -´ဒီလူရဲ့ ကလေးဘ၀ကို တွေးကြည့်ရင် အင်မတန်သနားစရာ ကောင်းပါတယ်၊ ဘဘတို့ကို ထိုင်ကန်တော့ တုန်းကဆိုရင် သူ့မျက်နှာမှာမျက်ရည်ကျနေသလို ဘဘတို့လဲ ရင်ထဲကိုဆို့တက်လာတယ်၊ ဒါပေမဲ့သူ့လက်ရှိစရိုက်က မိဘအရင်း စရိုက်နဲ့ လုံးဝခြားနားသွားပြီမို့ ဘဘရဲ့ဝမ်းနည်းစိတ်ဟာ လွင့်ပြယ်သွားပါတယ်- - ´ ဟုကျနော့်ကိုပြောပြဖူးသည်။
 

အပယ်ခံဆိုသည်မှာ- - -

(၂၀၀၃) ခုနှစ်၊ မေ (၃၀) ဒီပဲယင်းလုပ်ကြံမှုအပြီးတွင် ပါတနာသည် အဓိကအမိန့်ပေးကြိုးကိုင်သူဟု သတင်းများ ထွက်ပေါ်လာသော အခါ ကျနော်တို့တောင်တန်းသားများအားလုံး ဒေါသထွက်ကုန်ကြသည်။ `တို့တိုင်းရင်းသားဖြစ်လို့ကတော့ ဒီကောင့်ကို အမှုန့်ချေ ပြီး စာရင်းကနေ ပယ်ပစ်မယ်´ဟု ကျုံးဝါးကြသူများလည်းရှိသည်။ တကယ်တော့ပါတနာဟာ ဗမာမဟုတ်ပါ၊ တောင်တန်းသား၊ အင်းသားလူမျိုးစစ်စစ်ဖြစ်ပါသည်။ အင်းတိုင်းရင်းသားသာမက တောင်တန်းသားအဖြစ်ကပါ ပစ်ပယ်ဖို့ရန် ပါတနာ့ကို သူ့အကုသိုလ်၊ ဒုစရိုက်ကဖန်တီးခဲ့လေပြီ။

ကျနော်တို့ တောင်တန်းဒေသတွင် ဓလေ့ထုံးစံတစ်ခုရှိသည်။ ရွာတစ်ရွာတွင် ဆိုးသွမ်း၊ မိုက်မဲ၊ မူးယစ်ရမ်းကားသူကို ဆုံးမ၍ မရသည့်အခါ `ရွာမှပယ်မည်´ ဟုသတိပေးတားမြစ်လျှင် ထိုသူသည်လူကောင်းဖြစ်ရန်ကြိုးစားလာပါသည်။ ရွာမှပယ်သည် ဆိုသည် မှာ ပြောဆိုဆုံးမ၍မရသည့်လူမိုက်သည် သေဆုံးခဲ့သော် သံဃာတော်များမှ တရားမနာခြင်း၊ လူထုကလိုက်လံပို့ဆောင်ခြင်း
မပြုခြင်း ဖြစ်သည်။ လူ့အသိုင်းအ၀ိုင်းမှဖယ်ရှားလိုက်ခြင်းမျိုးဖြစ်သည်။

မြန်မာ့သမိုင်းတွင်ရာဇ၀င်တွင်သည့် လုပ်ကြံမှုမျိုးနှစ်ကြိမ်ရှိသွားလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်ကြံခံမှုသည် ပထမ ဖြစ်ပြီး၊ ဒီပဲယင်း လုပ်ကြံခံရမှုသည် ဒုတိယ ဖြစ်သည်။ ကျနော်သည် (၂၀၀၆) ခုနှစ်၊ ဇွန်လဆန်းပိုင်းက မုံရွာတက္ကသိုလ်ရှိသူငယ်ချင်းဖြစ်သူ (ဆရာမ)ထံ အလည်ရောက်ရှိသောအခါ ငါးရက်နေခဲ့ပါသည်။ ယနေ့တိုင်မုံရွာရှိမိဘအချို့သည် မိမိတို့၏ သားများသည် ဆိုင်ကယ် ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်းခရီးစဉ်သို့ အတူလိုက်ပါသွားခဲ့ရာ ယနေ့ချိန်ထိ အိမ်ပြန်မရောက်လာသေးတာကို ပြန်လာနိုးနိုးဖြင့်လည်တဆန့်ဆန့်မျှော်နေကြသည်။ အချို့မှာ သားစိတ်ဖြင့် စိတ်ဝေဒနာသည်ဖြစ်ကုန်ကြသည်။
ဒီမြင်ကွင်းတွေကို သူငယ်ချင်းကလိုက်လံမိတ်ဆက်ပေးလို့ အတွင်းကျကျသိခွင့်ရခဲ့သည်။ တောင်တန်းဒေသလိုမျိုးကို မဆိုထားဘိ
ဥပေဒစိုးမိုးပါတယ်ဆိုတဲ့ အဖြူရောင်နယ်မြေမှာပင် အာဏာပိုင်ဂိုဏ်းချုပ်အလိုအကျ ပါတနာလက်လွန်ခဲ့လေပြီ။ ဒီလုပ်ကြံပွဲ၏
အဓိကတရားခံမှာ မိမိတို့တောင်တန်းသားစစ်စစ်ဖြစ်နေသည်ကို ကျနော်မီးမောင်းထိုးပြလိုက်ပါက ကရင်နီပြည်နယ်သားအဖြစ်က
သာကမ တောင်တန်းသားအဖြစ်ကပါ စွန့်ပယ်ကြပေလိမ့်မည်မှာ မလွှဲဧကန်ပင်တည်း။

ဝဋ်ကြွေးရှိသမျှကျေပါစေတော့

ကျနော်မေးမြန်းဖူးသည့် ဦးချမ်းသာ၏အချစ်ဆုံးသူငယ်ချင်း ပြည်သူ့ရဲဘော်ဟောင်းတစ်ဦးက `သားတို့က ပြိုကွဲနေတဲ့ ပြည်ထောင်စု ကို တည်ဆောက်ဖို့ကြိုးစားနေပေမယ့် ဒီကောင်တွေအဖွဲ့ကတော့ ပြည်ထောင်စုကိုပျက်အောင်လုပ်နေတယ်ကွ´ ဟု ပြောခဲ့ပါသည်။

မရှိတော့တဲ့ပြည်ထောင်စုကို တည်ဆောက်ဖို့ကြိုးစားကြသော `ရှမ်းပြည်အတိုင်ပင်ခံကောင်စီ´သည် ၂၀၀၅-ဖေဖော်ဝါရီ
(၇) တွင်ဖျက်ဆီးခံလိုက်ရပြီး ကျနော့်ရဲဘော်ရဲဘက်များဖြစ်သော ခေါင်းဆောင်များအားလုံးကို ထိုနှစ်နိုဝင်ဘာ (၅) ရက်တွင်
အင်းစိန်ထောင်အထူးတရားရုံးမှ ထောင်ဒဏ်ချမှတ်စီရင်ခဲ့သည်။ ရှမ်းမျိုးဆက်သစ်အဖွဲ့ခေါင်းဆောင် ရဲဘော်မြင့်သန်းဆိုလျှင်
သံတွဲထောင်တွင် ကျဆုံးခဲ့လေပြီ။ ရဲဘော်ထွန်းညို (ဘူးသီးတောင်ထောင်) ဆိုလျှင် သွားများမရှိတော့ပါ။ ဆန်ပြုတ်ကိုသာ မျိုချ
နေရပါသည်။ မြင်းခြံထောင်မှ ရဲဘော်စိုင်းမျိုးဝင်းထွန်းကတော့ ချောင်းဆိုးတိုင်းသွေးပါရာမှ ယခုနောက်ဆုံးစိတ်ဖောက်ပြန်စပြုနေ
ပါပြီ။ ပူတာအိုထောင်မှခွန်ထွန်းဦးသည် အင်မတန်ပိန်ချုံးသွားပါသည်။ လက်ရှိရုပ်ပုံကိုသာမြင်ရသူတိုင်းမှတ်မိမည်မထင်ပါ။ ခန္တီး
ထောင်မှရဲဘော်ဆေထင်သည် မျက်စိရောဂါရနေပြီး ကြာလျှင်မျက်စိကွယ်သွားနိုင် (သို့) မှုန်သွားနိုင်ပါသည်။ ယခုလည်း ကျနော်
တို့နှင့်မဆုံဆည်းခဲ့ရသော ပါတနာသည်လည်း စင်္ကာပူဆေးရုံတွင် နောက်ဆုံးထွက်သက်ကိုစောင့်နေရရှာသည်။
ရှမ်းပြည်မျိုးဆက်သစ်ဆိုသည်မှာ (ရပလ) ၏မျိုးဆက်ဟုပြောလျှင်ပြောလို့ရပါသည်။ ထို့ကြောင့်လည်းဒေါ်မြသီ၏
ဆွေမျိုးများသည် အကျဉ်းကျခံရှမ်းခေါင်းဆောင်များအတွက် အသနားခံစာတင်သွင်းရေးကို ကူညီပေးကြပါသည်။ နေပြည်တော်ရှိ
အစ်ကိုကြီးဖြစ်သူဝန်ကြီးချုပ်ပါတနာထံ အကြောင်းကြားခဲ့ပါသည်။ ဒီကိစ္စကို ဗိုလ်သန်းရွှေနှင့်ဗိုလ်ရွှေမန်းတို့လက်ထဲမှာရှိတာ
ကြောင့် မိမိအနေဖြင့်ဘယ်လိုမှမတတ်နိုင်ကြောင်း ငွေကြေးလိုအပ်ပါက တိတ်တဆိတ်ကူညီမည်
ဟု ဆွေမျိုးများကို
ပြန်ကြားခဲ့သည်။ ရဲဘော်မြင့်သန်းကွယ်လွန်သည့် သတင်းကိုသိသောအခါတွင်လည်း `သူ့မိသားစုဘယ်လိုရပ်တည်သလဲ၊ ဘာ
လုပ်ကိုင်စားသောက်ကြသလဲ´ ဟု ဂရုဏာသံဖြင့် မေးမြန်းသမှုပြုခဲ့ပါသည်။ တကယ်တော့သူလည်းခံစားတတ်သွားလေပြီ။
ယခုတော့သူ့ဘ၀အတွက်နောက်ဆုံးအချိန်ရောက်နေပြီဆိုတာကို ကျနော်သိလိုက်ရတဲ့အချိန် သူနဲ့ကျနော်တို့ရဲ့ ရာထူး၊
ဂုဏ်ပကာသနများကိုဘေးဖယ်ပြီး တောင်တန်းသားအနေဖြင့် တွေ့ဆုံပြီးအားပေးစကားပြောချင်ပါသည်။ ဒီအတွေးက စိတ်ကူး
ယဉ်ဆန်တယ်လို့ဘဲပြောပြော တကယ့်လက်တွေ့မှာ လုံးဝမဖြစ်နိုင်တာမို့ စိတ်မကောင်းဖြစ်မိသည်။ အချုပ်အားဖြင့်ဆိုရသော်
မြန်မာ့မြေပေါ်တွင်မွေးဖွားပေးလိုက်သော ဦးနေ၀င်း၏ဖက်ဆစ်စနစ်သားကောင်အဖြစ် ကျနော်တို့ဘ၀တွေကွာခြားကုန်တော့သည်။
စစ်ကြောင့်ကျနော်တို့ပြည်သူပြည်သားတွေ အသက်စတေးခံရသည်။ မိဘမဲ့ကလေးတပ်များပေါ်ထွက်လာသည်။ ဒဏ်ရာရ ကျိုး၊
ကန်းကြသော ဒုက္ခိတတပ်ကြီးမွေးဖွားလာသည်။ တိုက်ခိုက်နေကြသောနှစ်ဘက်စလုံးမှ မုဆိုးမတပ်ကအဆင်သင့်စောင့်ကြိုနေ
သည်။ ပြဿနာ၏အဖြေကိုကား ရေရှည်မဖြေရှင်းနိုင်ပါ။
ပြာပုံဘ၀အောက်မှလွတ်လပ်ရေးရခဲ့သော ကျနော်တို့နိုင်ငံ စစ်ဖိနပ်အောက်မှအမြန်ဆုံးလွတ်မြောက်နိုင်ပါစေ၊ စနစ်တွေ
ကြောင့်မဆုံဆည်းခဲ့ရသော ကျနော်နဲ့ပါတနာတို့အဖြစ်မျိုး လူတိုင်းကင်းဝေးနိုင်ပါစေ၊ ဒီပဲယင်းစစ်ရာဇ၀တ်ကောင်ဘွဲ့ရခဲ့သော
စင်္ကာပူဆေးရုံမှ ပါတနာတစ်ယောက် ဒီပဲယင်းအာဇာနည်များ၏ပုံရိပ်များ ခြောက်လန့်မှုမှလွတ်မြောက်ကာ နောင်သံသရာထိ
မခံစားရဘဲ ဒီဘ၀ဒီမျှဖြင့် ဘ၀နိဂုံးချုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ကျေးဇူးတင်လွှာ
ဤစာတမ်းဖြစ်မြောက်ရေးအတွက် တိုက်တွန်းအားပေးသောသူငယ်ချင်းအားလည်းကောင်း၊ လွတ်လပ်ရေးမော်ကွန်းဝင် တော်လှန်
ရေးရဲဘော်ဟောင်းနှင့် ဦးချမ်းသာ၏သူငယ်ချင်းအရင်းများဖြစ်ကြသော ဖိုးဖိုး (ဦးအုံးဖေ-ပင်လုံစစ်တမ်း)၊ (ဦးအေးမောင်-သံဖြူ)၊
(ဦးညွှန့်မောင်-ပင်းတယပါလီမန်အမတ်-ရှမ်းပြည်အတိုင်ပင်ခံကောင်စီအကြံပေး) တို့ကိုကျေးဇူးတင်ရှိပါသည်။
(စာတမ်းပါဝန်ကြီးချုပ်၏ အထ္တုပတ္တိအချို့ကို တပ်မတော်မော်ကွန်းတိုက်မှကူးယူလိုပါက ခွင့်ပြုကြောင်းနှင့် စင်ကာပူဆေးရုံရောက်
လူနာအားအမြန်ပေးပို့နိုင်ပါသည်)

၁၈၊၅

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org