|
|
||
|
မယ်ဘော်တို့ခေတ် ရောက်ရမည်မှာ မလွဲပါ ကိုရင်လေး
(ခေါင်းဆောင်ကြီးများ ရောက်လို့လာ ... မနှစ်ကလို ပြောဖို့ ဆိုဖို့´ဟု သံချပ်တိုင်၍ဖြစ်စေ၊ (နောင်နှစ်ကိုလည်း ဆီးလို့ကြိုကွယ်- ခေါင်းဆောင်ကြီး လာပါမယ်-လာပါမယ်) ဟုသင်္ကြန်သီချင်းဆို၍ဖြစ်စေ မကြိုဆိုကြသည့်တိုင် ခေါင်းဆောင်ကြီးတို့ ပြောသမျှ လက်ညှိုးထောင် ခေါင်းညိတ်လုပ်ဖို့ ကြိုတင်လက်မှတ်များကို ၀ယ်ယူနေကြရပြီဖြစ်သည်။ လက်မှတ်ဈေးနှုန်းက မြန်မာပြည်က အဆို တော် ချစ်ကောင်းတို့ ကော်နီတို့ စတိတ်ရှိုးလက်မှတ်တွေ ယန်း ၅၀၀၀ လောက်နှင့် ရောင်းခဲ့တာနှင့် စာလျှင် ယန်း ၁၀၀၀ ဆိုသည်က ဈေးချိုသည်ဟု ဆိုနိုင်သည်။ သို့သော် စည်းကမ်းသတ်မှတ်ချက်တွေတော့ များသည်။ ခေါင်းဆောင်ကြီးတို့က သတ်မှတ်တာတော့ ဟုတ်ချင်မှ ဟုတ်မည်။ ကြက်တူရွေးကတော်တော်၊ မယ်ဘော်က ကဲကဲ ဆိုသူတွေက သတ်မှတ်တာဟု လည်း ကြားရသည်။ ကြက်တူရွေးနှင့် နှိုင်းရသည်မှာ အားနာဖို့တော့ကောင်းသည်။ အထူးသဖြင့် ယခုလို ကြက်ငှက်တုပ်ကွေး ခေတ်စားချိန်မှာ ပိုလို့ အားနာဖွယ်ဖြစ်နေသည်။ ပြောတာနားထောင်။ ပြန်ဆွေးနွေးတာတော့ ခွင့်မပြု။ စီမံကိန်းတွေ အစီအမံတွေ ရှေ့လုပ်ငန်းစဉ် နည်းဗျူဟာ မဟာဗျူဟာ တွေကို ဟောပြောမည်။ တခုတော့ ရှိသည်၊ အကောင်အထည်ဖေါ် လုပ်ကိုင်မှုက ဘာတွေလည်းဟူ၍တော့ မမေးနှင့်၊ ခွင့်ပြုမည်မဟုတ်။ စသည်ဖြင့် ဒီဆွေးနွေးပွဲကို ဝေဖန်သံတွေကလည်း ကြားရသည်။ ကင်မရာ မရိုက်ဖို့၊ အသံမဖမ်းဖို့သာမက မဟာသတင်းဌာနမှ ဧရာမ မတရား အရမ်းအလွန် ပစ္စလတ်ခတ် တော်သော သတင်း ထောက်မျိုးမှအပ တော်ရုံသတင်းထောက်တွေလည်း ခွင့်မပြုဟု ဆိုကြပြန်သည်။ လူအများကို ဟောပြောသည့် ဆွေးနွေးပွဲမျိုးမှာ တောင် သတင်းတွေ ပိတ်ပင်တားဆီးထားသည်ကတော့ ချစ်ဖို့ကောင်းလှသည်။ မြန်မာဆန်သည့်ပွဲဟုလည်း ဂုဏ်ယူလိုက ဂုဏ်ယူနိုင် သည်ပေါ့။ မြန်မာပြည် အနာဂတ်ရေး။ လတ်တလော ပြဿနာတွေအတွက် ခေါင်းဆောင်ကြီးနှင့်အဖွဲ့ လုပ်ဆောင်ချက်တွေ ဘာမှ မယ်မယ်ရရ မရှိ၊ အစီအစဉ်အပြောင်းအလဲလည်း ဘာမှ မရှိသဖြင့် ယခုနှစ်ဆွေးနွေးချက်များသည် ယမန်နှစ်ကအတိုင်းဖြစ်ပြီး လာမည့်နှစ် ဆွေး နွေးပွဲသည်လည်း ယခုနှစ်အတိုင်း (ထုံးစံအတိုင်း) ဟောပြောမည်သာဖြစ်မည် ဟူ၍လည်း ဆိုကြသည်၊ ဝေဖန်ကြသည်။ ထို့ကြောင့်လည်း ခေါင်းဆောင်ကြီးတို့ မဟာ့မဟာ ဆွေးနွေးပွဲသည် မဟန့်မဟန် ဆွေးနွေးပွဲဖြစ်မည့်နည်းတူ ကုန်ကျမည့် စားရိတ် ယန်း ၂၅၀၀၀၀၀ (မြန်မာငွေ သိန်း၂၅၀) အား ပြည်တွင်းမှ လှုပ်ရှားမှုအတွက် (သို့မဟုတ်)ပြည်သူလူထုအတွက်သာ ပေးပို့လှူဒါန်းက ပို၍အကျိုးရှိကာ နတ်လူသာဓုခေါ်ဖွယ်ဖြစ်ကြောင်းလည်း အကြံပြုကြကုန်၏။ တကယ်တော့ ဒီလို အကြံမပြုသင့်ဟုလည်း အကြံပြုသူတို့ကို ပြန်၍ အကြံပြုသည်ကိုလည်း ကြားရသည်။ သူ့အဆိုအရ ယခုပွဲသည် မြန်မာ့ဒီမိုကရေစီရေးအတွက် အကျိုးပြုချင်မှ ပြုမည်၊ ဂျပန်ရောက် မြန်မာတွေအတွက် နိုင်ငံရေးအတွေးအခေါ် အယူအဆ တိုးတက် ချင်မှလည်း တိုးတက်မည်၊ မြန်မာပြည်သူပြည်သားများအတွက် အကျိုးပြုချင်မှလည်း ပြုမည်၊ ခေါင်းဆောင်ကြီးတို့ အဖွဲ့များအတွက် အကျိုးပြုကောင်းပြုနိုင်သည်၊ ယုတ်စွအဆုံး ခေါင်းဆောင်ကြီးတို့ကို အကျိုးမပြုသည့်တိုင် ခေါင်းဆောင်ကြီးတို့ ကြွရောက် ဟောပြော နိုင်ရန် ပွဲစီစဉ်သူတို့အတွက်တော့ အကျိုးရှိမည်ဟု ဆိုသည်။ အနည်းဆုံး ရွှေပွဲလာ ရွှေမြန်မာတို့ကို မျက်နှာထားတင်းတင်းဖြင့် ဟန်ရေးပြနိုင်သည် မဟုတ်လားဟု ဆိုလေသည်။ ကောင်းလေစွ။ ခေါင်းဆောင်ကြီးတို့အဖွဲ့ကတော့ ဒီလို ဝေဖန်သံတို့ကို သိအံ့မထင်။ ခေါင်းဆောင်ကြီးများသည်လည်း မြန်မာဆန်လှစွာ မပြော၊ မလုပ်၊ မပြုတ် ဆိုသည့် မူကို စွဲကိုင်ထားတော်မူသည်ဟု ဆိုရိုးရှိသည်မဟုတ်လား။ ခေါင်းဆောင်ကြီးများက ကိုယ့်ခေါင်းဆောင် ကြီးများဖြစ်သည်မို့ ဝေဖန်ဖို့ရာ မသင့်လျော် ဆိုခဲ့သည်မဟုတ်လား။ ကြက်တူရွေးကတော်တော် ဟု ကြက်တူရွေးနှင့် နှိုင်းရသည်မှာ အားနာဖွယ် ကောင်းလှသည်ဟု။ သို့သော် မယ်ဘော်တွေကိုတော့ ဝေဖန်သင့်လှသည်။ သို့သော် မဖြစ်။ ခေါင်းဆောင်ကြီးက
ကြောက်ဖို့ မကောင်းလှသည့်တိုင် မယ်ဘော်တို့က ကြောက်ဖို့ကောင်းလှသည်။ မျက်နှာ
့တင်းပါဘိ။ ပွဲတော်ကြီး ဖြစ်မြောက်အောင် စီစဉ်သည့်
မဟာကျေးဇူးရှင်တော်ကြီးတွေမို့ ကြောက်သင့်သည်။ ကိုယ့်မြန်မာ အချင်းချင်း
မပြောနှင့်။ ယမန်နှစ်က ဒီလိုပွဲမျိုး ကျင်းပတော့ ခေါင်းဆောင်ကြီး ဘေးမှာ
လုံခြုံရေး ဆိုသူတွေက ဟောလိဝုဒ် ရုပ်ရှင်တွေထဲ ကလို ဟန်ပါပါ မာန်တင်းတင်း
ရှိလှသဖြင့် ဧည့်သည်တော် ဂျပန်အမတ်ဟောင်းတယောက်က `ကျနော်တို့ ဂျပန်က
ဝန်ကြီးချုပ်တွေ တောင် ဒီလို လုံခြုံရေးလုပ်တာ မမြင်ဖူးဘူး´ဟု ဝေဖန်ဖူးသည်။
ဒါကို မြန်မာဆန်တာပေါ့ဟု ဂုဏ်မယူချင်ရင်တောင် ဟောလိဝုဒ် ဆန် တာတော့။
ဘိုဆန်တာပေါ့ဟု ဂုဏ်ယူလို့တော့ ရသည်ပင်။ လွန်ခဲ့သည့် ၃ နှစ်လောက် ဗိုလ်ခင်ညွန့် ၀န်ကြီးချုပ်ဖြစ်စဉ်က ဂျပန်ကို ရောက်ခဲ့သည်။ အာဆီယံ-ဂျပန် ၀န်ကြီးချုပ်ညီလာခံ လာတက် သည်။ ဒီတုန်းက ဗိုလ်ခင်ညွန့် တည်းခိုသည့်နေရာ၊ သွားလာသည့်နေရာ၊ အစည်းအဝေးခမ်းမသာမက ညစာစားပွဲအထိပင် ဂျပန် ရောက် မြန်မာတွေ လိုက်လံဆန္ဒပြတာ ခံခဲ့ရသည်။ ဗိုလ်ခင်ညွန့် ကားနှင့် ဖြတ်သွားဖြတ်လာလုပ်မည့်လမ်း၊ မီးပွိုင့်မိနိုင်သည့် နေရာ အထိပင် စုံစမ်းနိုင်ခဲ့သဖြင့်လည်း သူ့ကား မီးပွိုင့်အမိမှာ ကားကို ခွပ်ဒေါင်းအလံနှင့် လှမ်းအုပ်တာမျိုး၊ တစ်သျှူးစက္ကူစလေးနှင့် လှမ်း ပေါက်တာမျိုးတွေကြောင့် ဗိုလ်ခင်ညွန့်တယောက် အလန့်အတကြား ကာကွယ်လိုက်ရသည်အထိ အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။ ဂျပန်ရောက် မြန်မာတွေက လွန်ခဲ့ပြီဖြစ်သော ဦးနေ၀င်းကိုလည်း ကြောက်သူမရှိ။ သူ့တပည့်တွေလည်း လက်စောင်း မထက်တော့။ ဗိုလ်ခင်ညွန့်ကိုလည်း မကြောက်ခဲ့။ မမှုခဲ့။ သူ့တပည့်တွေလည်း လက်စောင်းမထက်နိုင်တော့။ ယခု ချစ်လှစွာသော ခေါင်းဆောင် ကြီးများ မည်သို့ သဘောထားသည် မဆိုနိုင်သော်လည်း ဗောင်းတော်ညိတ်က စိတ်တော်သိသူများ၊ မယ်ဘော်များကိုမူ ကြောက်ရ လန့်ရ ပေတော့မည်တကား။ မြန်မာဆန်ပေစွ။ |
| |
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
||
|
Suggestions & Comments: webmaster@hittaing.org |
||