စစ်ဝန်ကြီးရုံးအစည်းအဝေးမှာ အစွမ်းပြသည့်
ဗိုလ်ချုပ်အောင်ဆန်း၏ မိတ်ဆွေ တရုတ်ကြီး

 

လန်ထောင်စပ်စုလေး


စာရေးသူ၏ `ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးစွမ်းရည်` ဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်းမှ တရုတ်အမျိုးသားကြီးဦးစပ်စုအား မည်သို့သြ၀ါဒပေး စည်းရုံးခဲ့သည်ကို ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။ မိမိ၏ သြ၀ါဒအတိုင်းလိုက်နာသည့် မိမိစည်းရုံးထားသူများကိုလည်း ဗိုလ်ချုပ်အောင်ဆန်းသည် သူ့နေရာနှင့်သူ အသုံးချတတ်ကြောင်း အောက်ပါစာစုအရ သဘောပေါက်သိရှိနိုင်ပါသည်။

တင်းတင်းပြတ်ပြတ်ပြောရန် မလိုသည့် အမျိုးသမီးအများစုပါဝင်သော ပရိသတ်ကို မြန်မာစကားကိုပင် ပီသအောင် မပြောတတ်သော တရုပ်အမျိုးသားကြီးဦးစပ်စုအား ဗိုလ်ချုပ်အောင်ဆန်းမှ မိန့်ခွန်းပြောခိုင်းသည်မှာ တိုက်ဆိုင်မှုအရ ခိုင်းစေခြင်းဖြစ်ဟန်မတူပါ။ မိမိမိတ်ဆွေအား တဖက်မှ မြေတောင်မြှောက်အားပေးရင်း မိမိလည်း နေ့စဉ်ရက်ဆက် ဟောပြောနေရသည်များမှ ခေတ္တအနားရ၊ ပြည်သူလူထုလည်း တခါတရံ ပေါ့ပေါ့ပါးပါး ပျော်ရွှင်မှု ရကြစေလိုဟန် ရှိပါသည်။ များသောအားဖြင့် အံကြီးတခဲခဲနှင့် သုန်မှုန်နေ ရသော၊ တချို့လူများ မခံသာသောစကားမျိုးကို လိုအပ်မှုအရပြောဆိုနေရသော၊ လူငယ်စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း သည် အလုပ်တခုကို ထိထိရောက်ရောက် အားကြိုးမာန်တက် ကူညီလုပ်ကိုင်ပေးတတ်သော ဦးစပ်စုကို သဘောကျနှစ်သက်ဟန် ရှိပါသည်။

နေသူရိန်လူထုအစည်းအဝေးကြီးကဲ့သို့ အရေးပါသည့် အစည်းအဝေးကြီးများမှာပါ ဦးစပ်စုပါဝင်ကူညီခွင့် ရခဲ့ခြင်းမှာ `နိုင်ငံခြားသားများသည် ကျွန်ုပ်တို့ တိုင်းရင်းသားများနှင့် ဆိုးတူကောင်းဖက် အေးအတူ ပူအမျှ နေထိုင်ကြပါလျှင် ကျွန်ုပ်တို့သည်လည်း ညီရင်း အစ်ကိုကဲ့သို့ သဘောထား၍ ကြည်ဖြူစွာ လက်ခံစောင့်ရှောက်မည်´ ဆိုသော ဗိုလ်ချုပ်အောင်ဆန်း၏ အပြောနှင့်လက်တွေ့ ကိုက်ညီ သည့် သာဓကများဟုလည်း စာရေးသူ ယူဆပါသည်။

၁၉၄၄-ခုနှစ် စက်တင်ဘာလအတွင်း ဦးဝိစာရလမ်း ဗမာ့တပ်မတော်စစ်ရုံးချုပ်တွင် မိမိ၏ မိတ်ဆွေ တရုတ် အမျိုးသားကြီး ဦးစပ်စု၏ မပီမသ အော်ကြီးဟစ်ကျယ် ပြည်ကြီးသားအသံဖြင့် ခြေလှုပ်လက်လှုပ်ဟောပြောနေသောမိန့်ခွန်းများကို နားထောင်ရင်း ပြည်သူ လူထုနှင့် အတူ ပြံးတုံးတုံးဖြစ်နေမည့် အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုလည်း မြင်ယောင်ကြည့် နိုင်ပါသည်။

x x x x


ကျွန်ုပ်သည် တရုပ်အမျိုးသားဗြန်ဟတ်ဘွေအသင်းကြီးမှ ကိုယ်စားလှယ်တစ်ယောက် အနေဖြင့်လည်းကောင်း၊ အခြားအသင်း အသီး သီးမှ ၀င်ရောက်၍လည်းကောင်း၊ ရန်ပုံငွေများကို အများဆုံး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်၍ ဗမာ့တပ်မတော်ကို ပေးခဲ့ပါသည်။ ကျွန်ုပ်တို့ ဗြန်ဟတ်ဘွေအသင်းကြီးက အခြားအသင်းများထက် ရန်ပုံငွေကိုသာ၍ကူညီပါဝင်သည့်အတွက် အမြဲတမ်း ထိပ်ဆုံးက ဖြစ်နေပါသည်။

ရန်ပုံငွေကို သူများထက်ပိုထည့်တာကတစ်ကြောင်း၊ အခြားအသင်းအဖွဲ့များထက် သာတာကတစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်ုပ်အားမိန့်ခွန်းစကားပြောခိုင်းတာက တစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကြွရောက်လာကြသည့် လူကြီးမင်းများက ကျွန်ုပ်ကို အားလုံး သဘောကျကြပါ၍ လူထုဟာ ရန်ပုံငွေများကို ပိုထည့်ကြပါသည်။

ဘုရားဒါယကာ ၀ဏ္ဏကျော်ထင် ဦးဖိုးစိန်နှင့် မင်းသမီးကောလိပ်စိန် တွဲတွဲပြီး လူထုပရိသတ်ရှေ့မှာ ကပြ အသုံးတော်ခံတာကို သဘောကျကြသလို ဗိုလ်အောင်ဆန်းနှင့် ကျွန်ုပ်ဟာ ပရိသတ်ရှေ့မှောက်မှာ အစည်းအဝေးရှိတိုင်း အမြဲ တွေ့ကြပါတယ်။

၁၉၄၄-ခုနှစ် စက်တင်ဘာလအတွင်းမှာ ဗိုလ်အောင်ဆန်းနှင့် ဗိုလ်ဇေယျတို့က တပ်မတော်စစ်ရုံးချုပ်တွင် တပ်မတော်ရန်ပုံငွေ ကောက် ခံရန် လူထုအစည်းအဝေးတစ်ခု ဖိတ်ခေါ်သော အခါမှာ ကျွန်ုပ်လည်း တက်ရောက်သွားပါသည်။ အစည်းအဝေးစချိန်မှာ ဗိုလ်အောင် ဆန်းက ကျွန်ုပ်အား မိန့်ခွန်းစကားပြောခိုင်းပါသည်။ ကျွန်ုပ်ကလည်း ဘာမှမသိဘူး။ ဗိုလ်အောင်ဆန်းဟာ ရိုးရိုးအစည်းအဝေး ခေါ် တယ်လို့ အောက်မေ့တယ်။ ဟိုကျမှ ကျွန်ုပ်ကို မိန့်ခွန်းစကားပြောခိုင်းတယ်ဆိုတာကိုသိရသည်။ ကျွန်ုပ်ဟာ ကြွရောက်လာကြသည့် လူအုပ်ကိုကြည့်လိုက်တော့ အမျိုးသမီးတွေ ခပ်များများပါတယ်။ ကျွန်ုပ်ဟာ အနှစ် ၅၀၀၀-က တရုတ်ရာဇ၀င်ကို လေ့လာ မှတ်သား ထားတော့ ခဏလေးစဉ်းစားပြီး တရုတ်ရာဇ၀င်တစ်ခုကို မိန့် ခွန်းအနေဖြင့်ပြောလိုက်တယ်။ ဟိုအချိန်တုန်းက ကျွန်ုပ်ဟာ မြန်မာ စကားလည်း မပီတပီနှင့် ပြည်ကြီးသားသံပါနေတယ်။ လက်ဟန်ခြေဟန်ကလည်းပါတယ်။ အသံကလည်းပိုကျယ်နေတယ်။ ယခု ဗိုလ်မှူးကြီးထွန်းစိန် (ရန်ကုန်မြို့ တော်ဝန်) တရားဟောတာကို သွားရောက် နားထောင်သလို အူတက်မတတ်ရီစရာဖြစ်နေပါသည်။ ယခု ဗိုလ်မှူးကြီးထွန်းစိန်က ပီပီသသလည်လည်ပတ်ပတ်ပြောနိုင်ပါတယ်။ ကျွန်ုပ်ကတော့ ပြောချင်တယ် ပါးစပ်က မပြောတတ်ဘူး။ အသံဟာ ပီလည်းမပီသဘူး။ ကျွန်ုပ်ကလည်း ထိုအချိန်အခါကျတော့ မိန့်ခွန်းစကားအနေနှင့် တရုတ်ရာဇ၀င်ပုံပြင်လေးတခုကို ခင်း ပြပြောဆိုလိုက်ပါသည။် ၎င်းရာဇ၀င်ပုံပြင်လေး၏ အမည်မှာ မိဖုရားကြီးနှင့် စစ်သူကြီး တိုကျူလျောင်တို့ အတ္ထုပ္ပတ္တိဖြစ်ပါသည်။

၎င်းအတ္ထုပ္ပတ္တိကလေးမှာ ...လွန်ခဲ့သည့် အနှစ်၂၀၀၀-လောက်က တရုပ်ပြည့်ရှင်မင်း လောင်ဝိဘုရင်ကြီးနှင့် မိဖုရားသည် ဟိုစဉ် အခါက တိုင်းပြည်အနီးအနားတွင် စစ်မက်ဖြစ်ပွားချိန်ဖြစ်နေပါ၍ စစ်ရေးနိမ့်သောကြောင့် တိုင်းပြည်အတွင်းသို့ ရန်သူတပ်တွေ နီးလာသည့်အခါ ဘုရင့်အမိန့်ဖြင့် မိဖုရားကြီးနှင့် အသက် ၂-နှစ်ရှိ သားတော်ကလေး အသက်ဘေးမှလွတ်မြောက်ရန် စစ်သူကြီး တိုကျူလျောင်အား အပ်ပြီး ထွက်ပြေးခိုင်းပါတော့သည်။

မကြာမီ အချိန်အတွင်းမှာပဲ ရန်သူ့တပ်တွေ မီလာသည့်အခါ ရန်သူနှင့်ရင်ဆိုင်တိုက်ခိုက်ရင်း မိဖုရားကြီးနှင့် သားတော်ကလေးကို စစ်ဗိုလ်ကြီးတို့လူစုဟာ ကွဲသွားကြတယ်။ ထိုအခါကျမှ စစ်သူကြီး တစ်ဦးတည်းမြင်းကိုစီး၍ မိဖုရားကြီးအား လိုက်လံရှာဖွေသည့် အခါမှာ မိဖုရားကြီးနှင့် သားတော် မင်းသားကလေးကို ရေတွင်းတစ်ခုဘေးမှာတွေ့မြင်၍ စစ်ဗိုလ်ကြီးသည် ထိုအခါမှာ သူ စီးလာ သော မြင်းကို မိဖုရားကြီးနှင့်မင်းသားလေးအားပေးအပ်ပြီး လွတ်ရာကိုပြေးခိုင်းပါတော့သည်။

ဒါပေမယ့် မိဖုရားကြီးက စစ်ဗိုလ်ကြီးပြောတဲ့စကားကို နားမထောင်သည့်အပြင် စစ်ဗိုလ်ကြီးအား ပြန်ပြောလိုက်သည်မှာ တိုင်းပြည်အတွက် အရေးကြီးသည်၊ တိုင်းပြည်အတွက် စစ်သူကြီးကာကွယ်ပါလော့´ ဟုပြောဆိုပြီး နောက်မှလိုက်လာသော ရန်သူ တပ်တွေဟာ နီးကပ်လာပြီဖြစ်သောကြောင့် ရေတွင်းထဲကို မိဖုရားကြီးဟာ ခုန်ဆင်းသွားတယ်။ စစ်ဗိုလ်ကြီးမှာ ကြံရာမရဘဲ ဖြစ်နေသည့်အပြင် ရန်သူတွေကလည်း နီးကပ်လာပြီဖြစ်၍ ထိုအချိန်ကျမှ မင်းသားကလေးကို ရင်မှာပိုက်ပြီး စစ်ဗိုလ်ကြီးဟာ မိဖုရား ကြီးနှင့် အတူတူ သေဖို့ စိတ်ကို ဆုံးဖြတ်၍ စိတ်အားမာန်တင်းလိုက်တယ်။ လက်နှစ်ဖက်မှာလည်း လက်တဖက်မှ လှံကိုကိုင်ပြီး တဖက်မှ ဓါးကို ကိုင်၍ ရန်သူနှင့်ရင်ဆိုင်ပါတော့သည်။ စစ်ဗိုလ်ကြီးသည် ရန်သူစစ်ဗိုလ် ၁၀-ဦးလောက်နှင့် ရင်ဆိုင်၍တိုက်ခိုက်ရင်း ရန်သူ့တပ်ကိုဖေါက်ထွက်လာရာ လမ်းခုလတ်တွင် ဘုရင့်စစ်ကူတွေရောက်လာပြီး မိဖုရားကြီးအတွက် ကလဲ့စားချေပြီး ရန်သူတပ်တွေ ကို တိုက်ခိုက်ရာ အောင်မြင်ပါတော့သည်။ ၎င်းပုံပြင် အတ္ထုပ္ပတ္တိကလေးဟာ မိဖုရားကြီးဟာ တိုင်းပြည်အတွက် အသက်ကိုစွန့်ပြီး ကာကွယ်သွားခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့ မြန်မာပြည် နေထိုင်ကြသည့် လူပေါင်း ၁၇-သန်းကျော်တို့ဟာ ပုံပြင်ထဲမှာ ပါရှိတဲ့ မိဖုရားကြီးလို လူတိုင်းလူတိုင်း သိရှိ နားလည်ထားကြမည်ဆိုပါလျှင် တိုင်းပြည်အတွက် အများကြီး အကျိုးရှိမှာပါပဲ။ ဥပမာ-မိန်းမများက အ၀တ်အစားများကို ဆင်ခြင် ၀တ်စား၍ ယောက်ျားများကလည်း မဖြန်းသင့်သောငွေကိုမဖြုန်းပဲ နည်းနည်းပါးပါးလျှော့သုံးလျှင် ချွေတာသရွေ့ ငွေဟာ တပ်မတော် ရန်ပုံငွေတွေဖြစ်လာနိုင်ပါတယ်။ ဗိုလ်အောင်ဆန်းကလည်း တရားဟောရလွန်းလို့ ချွေးဒီးဒီးကျလှပါပြီ လို့ပြောဆို၍ ကျွန်ုပ်လည်း တရားဟောပြီးရော လာရောက်နားထောင်ကြသည့် လူအုပ်ဟာ ချီးကျူးသြဘာပေးကြပြီး တပ်မတော်ရန်ပုံငွေအတွက်ကိုလည်း ပိုမို ထည့်ကြတယ်။ ဗိုလ်အောင်ဆန်း ဗိုလ်ဇေယျနှင့်တကွ ကြွရောက်လာကြသော လူကြီးလူကောင်း ပုဂ္ဂိုလ်ကြီးများအားလုံးဟာ အများ ကြီး သဘောကျ၍ နှစ်သက်ကျေနပ်ကြပါသည်။

၁၉၄၅-ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော မြို့လုံးကျွတ်နေသူရိန်အစည်းအဝေးပွဲတွင်လည်း ကျွန်ုပ်သည် တရုတ်အမည်ဖြင့် ငွေတခါ ထည့်ပြီး မြန်မာအမည်နှင့် နောက်တခါ ရန်ပုံငွေထပ်ထည့်ပါသည်။ ကျွန်ုပ်သည် ရန်ပုံငွေအလှူငွေထည့်ရာ၌ အချိန်မရွေး စိတ်ရောကိုယ်ပါလှူတတ်သောကြောင့် ကျွန်ုပ်ကို ဗိုလ်အောင်ဆန်းက အများကြီး ကျေးဇူးတင်ပါသည်။ တရုတ်အမျိုးသား ဗြန် ဟတ်ဘွေ အသင်းကြီးကလည်း ရန်ပုံငွေ၊ အလှူငွေထည့်ရာမှာ အခြားအသင်းများထက် ဘယ်အခါမဆို ပိုပြီးတော့ များများ ပါဝင် ထည့်လိုက်ပါသည်။

ကျွန်ုပ်ဟာ ဒီအစည်းအဝေးမှာလည်း အမျိုးသားအမျိုးသမီးများသွေးကြွ၍ အလှူငွေ၊ ရန်ပုံငွေ အများကြီးထည့်အောင် ဟောပြောပြီး စိတ်တက်ကြွလာအောင် ဟောပြောပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ကျွန်ုပ်၏အသံဟာ လော်စပီကာအသံချဲ့စက်မပါပဲနှင့် လူပေါင်း ၅၀၀-၆၀၀ကျော် လောက်ရှိသည့် လူထုကို စိတ်ဓါတ်ကြွအောင် လုပ်လည်းလုပ်နိုင်တယ်။ ကြားလည်းကြားအောင် ပြောနိုင်သည်။ အမျိုးသား၊ အမျိုးသမီးတွေလည်း စိတ်ဝင်စားတယ်။ ကျွန်ုပ်၏အသံဟာ ဒီအချိန်မှာ ပိုမိုကျယ်တယ်လို့အောက်မေ့ မှတ်ထင်ရပြီး ကျွန်ုပ်ကိုယ်တိုင်လည်း စိတ်ဓါတ်ကြွ၍ မိန့်ခွန်းစကားဟောပြောနေသည့်အခါမှာလည်း လက်ဟန်ခြေဟန်ဖြင့် အင်မတန်မှ အားရစရာ ကောင်းပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်ုပ်ဟာ ဘုရားဒါယကာ ၀ဏ္ဏကျော်ထင် ဦးဖိုးစိန်နှင့်မင်းသမီးကောလိပ်စိန် တွဲတွဲပြီး လူထုပရိသတ်ရှေ့မှာ ကပြ အသုံးတော်ခံတာကို သဘောကျကြသလို ဗိုလ်အောင်ဆန်းနှင့် ကျွန်ုပ်ဟာ ပရိသတ်ရှေ့မှောက်မှာ အစည်းအဝေးရှိတိုင်း အမြဲ တွေ့ကြပါတယ်။ လူထုဟာလည်း အင်မတန်မှ သဘောကျကြပြီး ကောင်းချီးသြဘာပေးကြပါသည်။

ဗိုလ်အောင်ဆန်း၏ စိတ်သဘောဟာ အခြားနိုင်ငံရေးသမားများလို မဟုတ်ပါဘူး။ အလုပ်တစ်ခုကို ထိထိရောက်ရောက် လုပ်ပေး ကူညီနိုင်မှ သူ့စိတ်ထဲမှာ သဘောကျတယ်။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ သူကိုယ်တိုင်လည်း မညာဘူး။ တကယ်လုပ်တယ်။ ဟိုစဉ်အခါက သတင်းစာဖတ်ပရိသတ်ဟာလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်ုပ်ဦးစပ်စုတို့သတင်းကို သတင်းစာတိုင်းမှာ အမြဲ တွေ့နိုင်ကြပါတယ်။ သတင်းစာဖတ်သူတိုင်းကလည်း သိကြမှာပါပဲ။
 

x x x


ဤဆောင်းပါးကိုရေးသားရာတွင် မြန်မာပြည်ရောက် တရုပ်ဒုက္ခသည်ကြီး ဦးစပ်စု၏ ထူးတဲ့စပ်စု ပထမတွဲ `စစ်ဝန်ကြီးရုံး အစည်း အဝေးတွင် ဦးစပ်စု အစွမ်းပြလိုက်ခြင်း´ ဆောင်းပါး၊ ဒေါ်အောင်ဆန်းစုကြည်၏ အောင်ဆန်း´နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ `မြန်မာ့ စိန်ခေါ်သံ´ စာအုပ်များကို အဓိက ကိုးကားပါသည်။ ခေတ်အဆက်ဆက် မြန်မာပြည်ရောက် တရုတ် အိန္ဒိယ စသော ဒုက္ခသည်များနှင့် ဒုက္ခသည်မျိုးဆက်များ၊ ကမ္ဘာ့ကုလသမဂ္ဂကြီးနှင့် သက်ဆိုင်ရာ အစိုးရများ၊ ကမ္ဘာ့မိသားစုကြီးအားလုံး `မြန်မာဒုက္ခသည်များ´အား တစုံတရာသော ကူညီမှုများ ပေးနိုင်ကြပါစေကြောင်း ဆုတောင်းရင်း ဤဆောင်းပါးကို နိဂုံးချုပ်ပါသတည်း။ ။
 

ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေး၊ အေးငြိမ်းချမ်းသာ ရပါစေ။
 

လန်ထောင်စပ်စုလေး

 

 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org