|
|
||
|
၇၄ ဖွဲ့စည်းပုံ နဲ့ ဂဂျိုးဂဂျောင် ပညာတတ်တယောက်အကြောင်း ခွန်ဆိုင်း
(နောက်ဆုံးအကြိမ် ညောင်နှစ်ပင် ညီလာခံအကြို) ဖွဲ့စည်းပုံပေါ်ပေါက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည့် ဆိုတဲ့အတွက် ဒီစာကို နိုင်ငံသားတယောက်ရဲ့ တာဝန်အရ ရေးလိုက်ပါတယ်၊ ၇၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်-ကျောင်းကပြန်ရောက်လာတဲ့အချိန် ရပ်ကွက်ကောင်စီလူကြီးတွေက မဲရုံလုံခြုံရေးအတွက် လုံခြုံရေးမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်ပေးဖို့ ကိုယ့်ကို တလေးတစား မေတ္တာရပ်လာတဲ့အခါ အလွယ်တကူခေါင်းငြိမ့်လိုက်တယ်၊ အဲ့ဒီတုန်းက ကျနော်က အသက် ၂၀ ပြည့်ကာစ။ ကိုယ့်ကိုယ်ကို အတော်လဲ အထင်ကြီး။ စိတ်ကြီးဝင်နေတဲ့ကာလ၊ ငါတော်တော်လူရာဝင်ပါလားပေါ့၊ စာတော်တဲ့ကောင်လေးလို့ သူများတွေမြှောက်တာ အဟုတ်ထင်ကျေနပ်နေပေမယ့် ဖွဲ့စည်းအုပ်ချူပ်ပုံဆိုတာ ဘာမှန်းတောင် သိပ်သိသေးတဲ့ အကောင် မဟုတ်ဘူး။ ရပ်ကွက်ထဲက လူတွေက မဲထည့်ချင်မှန်း၊ မထည့်ချင်မှန်းလဲ မသိ။ ဆန္ဒမဲ လာပေးမှာကို မိုးလင်းကမိုးချုပ် ထိုင်စောင့်ရတဲ့ အပေါက်စောင့်အလုပ်လေးကို ကျောင်းစာလောက် သိပြီး နိုင်ငံရေးဆိုလို့ နကန်းတလုံးမှ မသိတဲ့ လူက လုံခြုံရေးမှူးဆိုတဲ့ လက်ပတ်တံဆိပ် လက်မှာ လာချိတ်ပေးလိုက်တာနဲ့ မြောက်ကြွမြောက်ကြွ ဖြစ်လိုက်မိတဲ့အချိန်ပေါ့၊ ဘာမဟုတ်တဲ့ ခွေးချေလေး ထိုးပေးလိုက်တာမျိုးကို ကုလားထိုင်လို့ ထင်ကျေနပ်နေခဲ့ကြတဲ့ မဆလ မျိုးဆက်အချောင်သမား နိုင်ငံသား လူပိုအညံ့စားတွေထဲက ထူးမခြားနားတယောက်ပါပဲ။ တိုင်းပြည်နဲ့ လူထုက- ခုမှ တပါတီအာဏာရှင်လက်ထဲ တရားဝင် ချောက်ပေါက်ကျ သံဃာစင်ပါ မှောက်တော့မှာကို အစိုးရဘက်က ၀င်ကူ လူတတ်ကြီးလုပ် လိုက်တဲ့မိတဲ့အဖြစ်၊ အသုံးချခံ မူလီလေးတလုံး။ ဒေါက်တိုင်လေး တချောင်း ဖြစ်သွားတာကို မသိရှာတဲ့ဘ၀၊ ကိုယ့်တိုင်းပြည် ကိုယ့်အစိုးရနဲ့ စနစ်တွေအကြောင်း ဘာမှနားမလည်သေးတဲ့ ဆေးကျောင်းသား အကင်းလေး။ မြယာပင် စာပေတွေလောက်ကို နိုင်ငံရေးစာပေလို့ထင်ပြီး ဖတ်နေမိတဲ့ ငပေါ။ ဒီမြန်မာပြည် နိုင်ငံရေးကို အတော်နားလည်နေပြီ တီးခေါက်မိနေပြီလို့ ထင်တလုံးနဲ့ တကယ် သနားစရာ ငတုံးလေး။ ဒီလိုနဲ့ ၇၄ ဇန်န၀ါရီလ ၃ရက်မှာ မဆလဖွဲ့စည်းပုံကို လူထုကြီးက တခဲနက်ထောက်ခံခဲ့တယ်လို့ မှတ်သားခဲ့မိပါတယ်၊ ၆လပဲ ကြာလိုက်တယ်၊ ၇၄ ဇွန်လထဲမှာ တနိုင်ငံလုံး အလုပ်သမားသပိတ်တွေ ဖြစ်တယ်၊ ရည်းစားလိုလိုဘာလိုလို ကောင်မလေး တယောက်ရဲ့ အဆောင်ကို သွားလည်ရာကအပြန် လမ်းမှာ ကားတွေရှင်းနေတာ၊ လိုင်းကားတွေ မလာ၊ လူတွေက လမ်းလျှောက် နေကြရတာတွေ့လို့ မေးကြည့်တော့မှ အလုပ်သမားတွေသပိတ်မှောက်နေတာကို သိရတာ၊ ဒီအထိလည်း ကိုယ်နဲ့ မဆိုင်ပါဘူး လေပေါ့၊ အထည်ချုပ်စက်ရုံတွေနား ရောက်တော့ ၀င်းတံခါးတွေက ပိတ်ထားပြီး အတွင်းက ကြွေးကြော်သံတွေ တိုင်နေတာကို ကြားရတယ်၊ ဆန်အလုံအလောက် ထုတ်ပေးရေး။ လစာတွေ တိုးပေးရေး။ တခါမှ မကြားဖူးတာတွေ။ နောက်ရက် နောက်ရက်တွေမှာတော့ ဖြိုခွဲတာတွေ၊ ရှင်းလင်းတာတွေ ပစ်ခတ်တာတွေ ဆက်တိုက်ဆိုသလို ရေဒီယိုကကြားရ၊ သတင်းစာက ဖတ်ရတယ်၊ မာရှယ်လောနဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွေ။ ချည်မျှင်နဲ့ အထည်စက်ရုံရှေ့မှာ သေနတ်မှန်လို့ လူတွေ လဲနေကြပြီတဲ့။ ဆင်မလိုက်သင်္ဘောကျင်းကို ရေတပ်က မြစ်ဖက်ကလှည့်ဝင် ပစ်တာတဲ့၊ အလောင်းတွေ ကားနဲ့ တိုက်ရတယ်တဲ့ ဒါတွေမြင်နေကြားနေရပေမယ့် ကိုယ်နဲ့ မဆိုင်သလိုပါဘဲ၊ အဖေကတပ်ကအရာရှိ။ မြို့နယ်တခုမှာ ကောင်စီဥက္ကဌ။ ကိုယ်ကိုယ်တိုင်က စစ်တပ်နဲ့ အုပ်ချုပ်ရေးအသိုင်းအ၀ိုင်းထဲမှာ ကြီးလာတဲ့ လူတယောက်က ခံစားနေရတဲ့ လူထုနေ့စဉ်ဘ၀တွေကို ဘာသိမှာလဲ၊ ဒီ မဆလအစိုးရနဲ့ ငါလဲ တနေ့ ရန်သူဖြစ်လာမယ်ဆိုတာ နည်းနည်းလေးတောင် အတွေးထဲမှာ မ၀င်မိဘူး၊ ၇၃ ဒီဇင်ဘာ လူထုဆန္ဒခံယူပွဲမှာ မဲရုံမှူးလုပ်ခဲ့တဲ့ နလပိန်းတုံးကောင်လေးဟာ ၇၄ ဒီဇင်ဘာမှာတော့ တက္ကသိုလ် အဓိပတိလမ်းပေါ်က ၁၂နှစ်ကြာ သမိုင်းဖျောက်ထားတဲ့ တက္ကသိုလ်သမဂ္ဂအဆောက်အအုံမြေနေရာဟောင်းကိုစတင် ရှာတွေ့တယ်၊ အဲဒီ တကသတည်ခဲ့ရာနေရာ မြေရိုင်းတောကြီးကို ပေါက်ပြားတွေနဲ့ ခုတ်ကြ ထွင်ကြ စရှင်းကြတဲ့အထဲမှာ ပါနေပြီ။ ကိုယ်နဲ့မတူ ကိုယ့်ရန်သူ လုပ်တတ်တဲ့ အစိုးရလက်ထဲကနေ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ၀ိဇ္ဇာသိပံ္ပတက္ကသိုလ် ကျောင်းသားတွေက လုယူခဲ့ကြပြီး တဲ့နောက် သိန်းချီတဲ့လူထုကြီးနဲ့ ချီတက်ခဲ့ကြ၊ ဘွဲ့နှင်းသဘင်ခန်းမထဲကို ဆောင်ကျဉ်းတဲ့နေရာမှာ ကျနော်တို့ ဆေးတက္ကသိုလ် ကျောင်းသားတွေ ရှေ့ဆုံးက ပါခဲ့တာပေါ့။ တက္ကသိုလ်စာကြည့်တိုက် ဘေးက စာကြည့်တိုက် တိုးချဲ့ဆောင်ဆောက်ဖို့ ပုံထားတဲ့ အုတ်ပုံတွေကို ဦးသန့်ယာယီဂူဗိမာန် လုပ်ကြမယ်ဆိုပြီး သမဂ္ဂရင်ပြင်ထဲ လက်ဆင့်ကမ်း သယ်တဲ့နေရာမှာ ကျနော် အတော် တက်ကြွနေခဲ့တာ၊ ငါတို့တရားတယ်လို့ ယုံကြည်တယ်။ တက္ကသိုလ်ရိပ်သာလမ်းတဖက် တက္ကသိုလ်ဆေးရုံက တာဝန်ခံ ဆရာဝန်မလေးဆီမှာ အရေးပေါ်ဆေးတွေ သွားအလှူခံပြီး မန္တလေးဆောင်ရှေ့မှာ အရေးပေါ် ဆေးခန်းဖွင့်ကြတယ်။ မန္တလေးဆောင် သပိတ်ကော်မတီမှာလည်း ဆေးကျောင်း ကိုယ်စားလှယ် တယောက်လို့ စာရင်းပေး။ တခါတခါ လုံခြုံရေးဘက် ပြေးတာဝန်ယူ လိုက်သေး။ ဒီလို အကြီးအကျယ် တက်ကြွနေပေမယ့် အခြေခံနိုင်ငံရေးက သုည၊ ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ စစ်တပ်က အင်အားသုံး ဖြိုခွဲလိုက်တယ်။ တပတ်လောက် ကျောင်းထဲမှာပဲ အိပ်စား လုပ်နေခဲ့တဲ့ ကျနော် အိမ်ခဏပြန်အိပ်တဲ့ည။ ကျောင်းတော်ကြီးကို တပ်က၀ိုင်း၊ အကြမ်းဖက် ရှင်းလင်း။ တမနက်တည်းနဲ့ လူ ၇၀၀၀ လောက် ဖမ်းပြီး အင်းစိန်ထောင်ထဲ ထည့်ပစ်တာ။ ဒါပေမယ့် မဆလအစိုးရကို ဆန့်ကျင်တဲ့သပိတ်က ချက်ခြင်းဦးမကျိုးဘဲ ရန်ကုန်တမြို့လုံးကို ပြန့်သွား၊ ပေါက်ကွဲနေတဲ့ လူထုကြီးက မီးပွိုင့်တွေ ရိုက်ချိုးကြ၊ အစိုးရပိုင်ရုံးတွေ၊ အဆောက်အဦးတွေ။ သမဆိုင်တွေ။ ကောင်စီရုံးတွေ ဖျက်ဆီးကြ။ မီးရှို့ကြ။ ရုပ်ရှင်ရုံကြီးတွေလည်း မီးလောင်ပြာကျကြ။ အစိုးရကလည်း မည်းမည်းမြင်ရာပစ်။ ဗြောင်းဆန်နေတဲ့ ရက်တွေပေါ့၊ တိုက်ပေါ်က ချောင်းကြည့်တဲ့ လူတချို့တောင် သေနတ်မှန်လို့ သေခဲ့ကြရ။ ၇၄ ဖွဲ့စည်းပုံ ပြီးပြီးချင်း ကြုံရတာတွေလေ၊ သတင်းစာ။ ရေဒီယိုတွေမှာတော့ မြေပေါ်မြေအောက် လက်ဝဲလက်ယာ အဖျက်အမှောင့်တွေ၊ ပြည်ပြေး၊ ဗကပ၊ ယူဂျီ၊ ပြည်ပသြဇာခံတွေက ကျောင်းသား အလုပ်သမားတွေကြား ၀င်ရောက်ထိုးဖောက် တိုင်းပြည်ဆူပူအောင် ပျက်ဆီးအောင် သွေးထိုးလှုံ့ဆော်လို့ ဖြစ်ရတယ်ပေါ့။ ဆက်တိုက်ဆိုသလို အရေးအခင်းတွေဆက်ဖြစ်တယ်။ ၇၅ ဇွန်မှာ အမောင်ကျောင်းသားတွေက အင်းစိန်ထောင်ကိုဝိုင်း။ ရွှေတိဂုံဘုရားကုန်းတော်ကိုသပိတ်စခန်းလုပ်ရင်း ထောင်ထဲကို ရာနဲ့ချီ ဆက်ဝင်ရပြန်တယ်။ အဲ့ဒီနွေမှာ ကျနော်ဟာ ရှမ်းပြည်ထဲက ပအိုဝ့်ရွာတရွာကို ရောက်သွားတယ်၊ ရွာငံ၊ ရပ်စောက်၊ ဟဲဟိုး မြို့နယ်လုံးကျွတ် စာတတ်မြောက်ရေးလှုပ်ရှားမှု လိုင်းအတုတွေ အရှိန်နဲ့ လိမ့်တုန်း။ ဟဲဟိုးနဲ့ ၁၀မိုင်ဝေးတဲ့ ကားလမ်းမရှိ ဗမာစကားမပြောတဲ့။ အင်းနီဆိုတဲ့ ရွာကို တလထဲနဲ့ ရေးတတ်၊ ဖတ်တတ်၊ တွက်တတ်အောင်စာသင်ပေးဖို့ ဆေးကျောင်းသား ငတုံးတကောင်ရောက်ခဲ့တာပေါ့၊ စာသင်ခန်းမရှိ။ စာအုပ်မရှိ။ ကျောက်သင်ပုန်းမရှိ။ မီးမရှိ။ မိုးချုပ်မှ တောင်ယာထဲက ပင်ပန်းပြီး ပြန်လာတဲ့ ဒီတိုင်းရင်းသားတွေကို ငါ ဘယ်လိုနားလည်အောင် စာသင်ရမှာလဲ။ သဘောပေါက်စတော့ ပြုတယ်၊ နိုင်ငံရေးပိုးက နည်းနည်းဝင်နေပြီ။ တခွန်းစ နှစ်ခွန်းစ ရွာသူရွာသားတွေကို- အစိုးရဆိုတာဘာလဲ မေးတော့ တချို့က ရွာလူကြီးနာမည်ကို ပြောတယ်၊ တချို့က သူတို့ လူမျိုး လက်နက်ကိုင်တွေကို ပြောတယ်၊ တချို့က တခါတလေလာတဲ့ မြန်မာစစ်တပ်လို့လဲ ပြောတယ်၊ ဦးနေ၀င်းဆိုတာ ဘယ်သူမှန်း မသိဘူး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုတာ မကြားဖူးကြဘူး၊ သေချာတာကတော့ ဒီနယ်တ၀ိုက်မှာ ဆေးခန်းမရှိဘူး။ ရဲစခန်းမရှိဘူး။ အစိုးရရုံးတွေ မရှိဘူး။ တချို့ရွာသူရွာသားတွေက ၁၀မိုင်လောက်ဝေးတဲ့ အနားက ဟဲဟိုးမြို့ပေါ်တောင် မရောက်ဖူးဘူး။ လက်တ၀ါးသာသာ နေရှင်နယ်ရေဒီယိုတလုံး ပုခုံးမှာ လွယ်ပြီး သွားနိုင်သူက ရွာမှာ အကောင်။ လူချမ်းသာ စာရင်းဝင်၊ စိတ်ထဲမှာ ယားကျိကျိဖြစ်တဲ့အချိန် ရွာလူကြီးကို ၇၄ ဖွဲ့စည်းပုံ ဘယ်လိုဆန္ဒခံယူခဲ့ရသလဲ မေးတော့ -လွယ်ပါတယ် ဆရာလေးရယ်။ တရွာလုံးက မဲတွေ သူထည့်ပေးမယ်ဆိုပြီး မြို့က ပို့ပေးတဲ့ ပုံးအဖြူထဲ အကုန်လောင်းထည့်ပြီး မြို့ကို ပြန်ပို့ပေးလိုက်တာပေါ့တဲ့။ ရှမ်းပြည်က ပြန်လာပြီးနောက် ကျနော်တို့တတွေ နိုင်ငံရေးကိုအတော်စိတ်ရောက်နေပါပြီ။ အရေးအခင်းတွေကြောင့် ကျောင်းတွေ အကုန်ပိတ်ထားတာတွေ။ ကိုယ့်မြို့ကိုယ့်နယ်ပြန် စာမေးပွဲဖြေရတာတွေ ကြုံရတယ်။ ကျောင်းတွေ ပြန်ဖွင့်ပေးလိုက်တာနဲ့ မှိုင်းရာပြည့် အရေး ဆက်လှုပ်ရှားကြတယ်။ ဒီတခါတော့ ကျနော်နဲ့ ရှမ်းပြည်စာတတ်မြောက်ရေးကို ပါလာတဲ့ ဆေးကျောင်းသား ၄ထပ်ကွမ်း လူရည်ချွန် တယောက်၊ ၂ထပ်ကွမ်း လူရည်ချွန်၂ယောက်အပါအ၀င် အတော်များများ ထောင်ထဲဝင်ဖို့ အလှည့်ကျတယ်၊ မဆလလက်သပ်မွေး အခွင့်ထူးခံငယ် မွေးခြံပေါက်တွေက သူတို့အတွက် အမာခံကေဒါလောင်းတွေ ဖြစ်မလာတော့ဘဲ သူပုန်တွေ ဖြစ်ကုန်တာပေါ့။ ၇၄-တပါတီအာဏာရှင်စနစ်ရဲ့ ဖွဲစည်းပုံ တရားဝင်ဖြစ်ဖို့ ကူညီမိခဲ့၊ မဲရုံမှူး လုပ်ခဲ့မိတဲ့- နောက်ဆုံးနှစ် အပိုင်း(က) ဆေးကျောင်းသားလေး ကျနော်ဟာ နောင် ၂နှစ်အကြာမှာ ခွေးတွေလှောင်ထားလေ့ ရှိပုံရတဲ့ အမှတ်-၇ ထောက်လှမ်းရေး တပ်က သစ်သားလှောင်အိမ်တခုထဲ ရောက်နေတာကို တွေ့ရတယ်။ ခွေးမွေးတွေ ဗလဗျစ်နဲ့ ခွေးနံ့ရနေတဲ့ ဂုံနီအခင်းစုတ်တခုအပေါ်မှာ နဖူးပေါ်လက်တင်ရင်း ငါ ထောင်ဘယ်နှစ်နှစ် ကျနိုင်မလဲဆိုတာ စဉ်းစားနေခဲ့ပြီ။ ခုလဲ ခြိမ်းခြောက်နှိပ်ကွပ် ထုထောင်းမှုတွေကြားက ၁၄ နှစ်ကြာ ရေးလာတဲ့ စစ်တပ် စိတ်ကြိုက် ဖွဲ့စည်းပုံဟာ တရားဝင် ဖြစ်လာဖို့ နောက်ဆုံးညီလာခံဆိုတာကို ခေါ်လိုက်ပါပြီ။ ဒေါက်တာဘွဲ့ ရထားတဲ့ ပညာတတ်မကြီးတွေလဲ ဘောလုံးကွင်းတွေထဲ ၀င်ပြီး စင်ပေါ်တက် လက်မောင်းတန်းထောက်ခံ ကြိုဆိုတာတွေ လုပ်ခဲ့ကြပြန်ပြီမဟုတ်လား။ ငတ်လို့တော့ မဖြစ်နိုင်။ တတ်လို့လုပ်တာလား မေးမယ်ဆိုပြန်တော့ သူတို့က ဒီနေ့ကမ္ဘာအကြောင်း ပိုတောင်သိသေး။ ပညာရှင်တွေ၊ ပညာရှင်တွေ။ ကြွက်စုတ်တွေမဟုတ်ဘူး၊ မဆလခေတ်ထဲမှာရော ယောယိမ်းလိုက် မဆလပါတီဝင်တွေ ဖြစ်ခဲ့ရသေးလား။ ပါတီစုံဆိုတာ မကောင်းပါဘူး။ ပါတီတခုထဲ ဦးဆောင်တာကမှ တိုင်းပြည်အကျိုးကို တကယ်ပြုနိုင်တာလို့ ဖေါင်ကြီးဗဟိုဝန်ထမ်းကျောင်းမှာ ယုံတာမယုံတာထား။ အမှတ်ကောင်း ရဖို့ ဖြေခဲ့ကြသေးလား၊ မဆလကတော့ တတ်လဲ တတ်နိုင်တဲ့အစိုးရ၊ မှတ်မှတ်ရရ ဘယ်တုန်းကမှ ဂီတာဝိုင်းတွေကို မြန်မာ့အသံက အရာလုပ် လွှင့်ခွင့်ပေးခဲ့တာ မဟုတ်ဘူး။ စတီရီယို ဂီတလောကကြီးတခုလုံးကို တိုင်းတပါးသရုပ်ပျက် ယဉ်ကျေးမှုတွေဆိုပြီး တချိန်လုံး အပုပ်ချလာတာ။ သူတို့ ဖွဲ့စည်းပုံအတည်ပြုချိန်ရောက်မှ ဂီတပညာရှင်တွေလာကြပါဆိုပြီး စင်တွေဆောက်ပေး။ စတိတ်ရှိုးတွေ ခွင့်ပြုဖြစ်တဲ့အခါ ဂီတပညာရှင်တွေလဲ ပျော်သွားကြတာပဲ။ ဂီတာဝိုင်းတွေ စ အသံလွှင့်ခွင့်ပေးတာ ၇၄ ဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲ ကပဲ။ ခုလဲ နောက်တခါ လာပြန်ပဟေ့လို့ ဟဲရမယ် ထင်တယ်။ ကြည့်လေ။ ၂၀၀၆ခုနှစ်ထဲမှာ ပါမောက္ခ ဌာနမှူးဖြစ်နေတဲ့ သူငယ်ချင်း ကျောင်းနေဘက်တယောက်ကို တွေ့တော့ အကဲဖြတ်ကြည့်တယ်။ ကျနော့်လက်ထဲက ကုလသမဂ္ဂက ထုတ်ဝေတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို သူမြင်တော့ သတိပေးတယ်၊ `ရှင် ဒါတွေလက်ထဲမှာထားလို့ ထပ်အဖမ်းခံရဦးမယ်´နဲ့။ ခက်ပါလား၊ ဒါက နိုင်ငံတိုင်းမှာ လူတိုင်းသိအောင် လူတွေမသိသိအောင် ဖြန့်ချိပေးရမယ်။ ကျောင်းတွေမှာသင်ကြားပေးရမယ်လို့ နိဒါန်းမှာပါပြီးသား။ ဒီပါမောက္ခတောင် ခုထိမသိရှာဘူး၊ တို့လူတွေကို တော်တော်လိမ်လို့ လှန့်လို့ရဦးမှာလား၊ ကိုယ့်မဲရုံက မဲပုံးဖင်ကို အလွယ်တကူ ဖွင့်လို့ရအောင် အရှင်လုပ်ထားတာ မဲရုံမှူးက မသိရှာခဲ့ဘူး။ နည်းနည်းကာသွားမှ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သုံးထပ်သား မဲပုံးဖင်တွေမှာ သံချက်အပြည့် ရိုက်မထားတဲ့ကိစ္စ၊ စို့အကုန် သွင်းမထားတဲ့ကိစ္စတွေ မဆလ အမာခံတွေက ဂုဏ်ယူရင်း ပြန်ပြောပြတာတွေ ကြားလာမှ တစတစ သိလာတယ်။ တော်တော်သနားဖို့ ကောင်းတဲ့ငါ။ တကြိမ်မှာ ရခိုင်က သူငယ်ချင်းတယောက်က သူတို့ သံတွဲမြို့ ရပ်ကွက်ထဲ အတွေ့အကြုံကို ပြန်ဖေါက်သယ်ချတယ်။ သူတို့ လူငယ်ကာလသား ဆယ်ယောက်လောက် တိုင်ပင်ပြီး အမည်းပုံးထဲ ၀ိုင်းထည့်ကြတာ အချိန်တန် ကြေညာတော့ အကုန်ဖြူ၊ အမည်း တခုမှ ပါမလာတော့တာ တအံ့တသြ ဖြစ်ခဲ့ရတယ်တဲ့၊တက္ကသိုလ်ဆောင်က ကျောင်းသားတွေ ဆန္ဒခံယူတဲ့ မဲပုံးတွေမှာတော့ ဆရာတွေက ရာနှုန်းပြည့် ဖြူပါတယ်မလုပ်ရဲလို့ အမည်းတွေကို နည်နည်းချန်၊ ရောညှပ်ထည့် ပေးရတယ်တဲ့။ နို့မို့ အမည်းထည့်တဲ့ ကျောင်းသားတွေက ထ, ပြဿနာရှာမှာ စိုးလို့တဲ့။ နှစ်တွေလဲ ကြာခဲ့ပါပြီ။ တိုင်းပြည်ကလဲ ဒီနေ့ ကမ္ဘာမှာ နံပါတ်စဉ် ယှဉ်လိုက်ရင် ကောင်းတာယှဉ် အောက်က၊ ဆိုးတာယှဉ် အထက်က ဒီလိုသတ်မှတ်တာကို ခံနေရတယ်။ ဒါကို မခံချင်ဘူး။ ခုလောက်ဆိုရင်တော့ ဟဲဟိုးနဲ့ ၁၀ မိုင်အကွာက အင်းနီရွာမှာ နေထိုင်ကြတဲ့ ပအို့ဝ် တိုင်းရင်းသားတွေလဲ တိုးတက်ပြီး အမြင်တွေ ကျယ်လောက်ရော့မယ်လို့ ဆုတောင်းရ အောက်မေ့ရတာပဲ။ နှစ်ကြိမ်နှစ်ခါ အလိမ်အညာမခံရပါစေနဲ့လို့ ဆုတောင်းရတာပဲ။ နိုင်ငံသားတိုင်းလဲ ကိုယ့်တာဝန်ကိုယ် သိကြမယ်လို့ ယုံကြည်မိတယ်။ အကြောက်တရားကင်း၊ ညီညွတ်ခြင်းတိုင်းပြည်... ဖြစ်တည်ပါစေသတည်း။ X X X |
| |
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
||
|
Suggestions & Comments: webmaster@hittaing.org |
||